အုပ်ကြီး ၄ဦးပဲ ကျန်တော့တဲ့ ခရမ်းမြို့မှာ မြို့နယ်ပြင်ပသွားလာဖို့ ထောက်ခံစာတောင်းနေ

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ၄ဦးသာကျန်တော့တဲ့ ခရမ်းမြို့နယ်မှာ မြို့နယ်ပြင်ပကို သွားလာလိုလျှင် အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာ သွားလာရမယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်က တင်းကြပ်မှုတွေ လုပ်ဆောင်နေပါတယ်။

မြို့နယ်အတွင်းက မြို့နယ်ပြင်ပကို သွားလာဖို့ အုပ်ချုပ်ရေးမှူးထောက်ခံစာမပါရင် မြို့ပြင်ထွက်ခွင့်မပေးဘဲ မြို့တွင်းကိုလည်း ပြင်ပမော်တော်ယာဉ်တွေ ဝင်ရောက်ခွင့်မပြုဘဲ တားမြစ်ထားတယ်လို့ သိရပါတယ်။

“မနက်ကစပြီး ပြသနာရှာနေတာ၊ မြို့ပြင်ထွက်ချင်ရင် အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ထွက်ရမယ်ဆိုပြီးပြောတယ်၊ အုပ်ချုပ်ရေးမှူးတွေက မလုပ်ရဲတော့ဘဲ နုတ်ထွက်သွားကြတာကို ဘယ်သွားတောင်းရမလဲ၊ အပြင်ကနေလဲ ကားတွေကို အဝင်အထွက်ခွင့်မပေးဘူး၊ လူနာတင်ကားနဲ့ ဆေးပြဖို့သွားတာတောင် မရဘူးဗျာ၊ ရှုံးမဲမဲနေတာ အဲ့ကောင်တွေ”လို့ ခရမ်းမြို့ခံတစ်ဦးကပြောပါတယ်။

မြို့ထဲမှာလည်း စစ်အုပ်စုက အင်အားတိုးမြှင့်ထားပြီး စစ်ဆေးဂိတ်တွေမှာ ဆိုင်ကယ်စီးခွင့်မပေးဘဲ ဆင်းတွန်းခိုင်းတာတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဆိုင်ကယ်နဲ့လှမ်းပစ်သွားမှာကြောက်လို့လားမသိဘူး သူတို့နားမှာ ဆိုင်ကယ်စီးခွင့်မပေးဘူး ဆင်းတွန်းခိုင်းတယ်၊ ဒီကောင်တွေ အုပ်ချုပ်ရေးမှူးတွေ ပြန်ခန့်ချင်လာအောင် တမင်ညစ်နေတာ”လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

ခရမ်းမြို့နယ်အတွင်း ရပ်ကွက် ၁၃ခုနဲ့ ကျေးရွာအုပ်စု ၅၆အုပ်စုရှိတဲ့အနက် အုပ်ချုပ်ရေးမှူး ၆၅ဦးဟာ ရာထူးတွေကနေ နုတ်ထွက်ထားပြီး ကျန်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေဟာလည်း အသတ်ခံရသူနဲ့ ရှောင်တိမ်းနေသူတွေဖြစ်တယ်လို့ သိရပါတယ်။