ဧရာဝတီတိုင်းအစိုးရအဖွဲ့ ပြန်လွတ်နိုင်လား

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ရက်နေ့ မနက်ပိုင်းမှာ စတင်ပြီးတော့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတို့ကို စစ်အုပ်စုက ဖမ်းဆီးထိန်းထားခဲ့ပါတယ်။

 စစ်အုပ်စုရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဝန်းအတွင်းက ရိပ်သာတစ်ခုမှာ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတို့ကို နှစ်ပတ်ခန့်ကာ ထိန်းသိမ်းထားပြီးနောက်မှာ တောင်ပေါ်လမ်းမှာရှိတဲ့ အစိုးရအဖွဲ့ အိမ်ယာဝန်းအတွင်းမှာပဲ တစ်ဦးကို နေအိမ်တစ်ခုစီနဲ့ နေအိမ်အကျယ်ချုပ်ပုံစံ ဆက်လက်ထိန်းသိမ်းထားတာ အခုဆိုရင် အချိန် ၈လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

အာဆီယံအစည်းအဝေးတက်ရောက်ခွင့် ပယ်ချခံခဲ့ရတဲ့ စစ်အုပ်စုဟာ ဒီကနေ့မှာ နိုင်ငံရေးအရ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရာမှာ အကျဉ်းကျခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အချို့လည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ ခေါင်းဆောင်ပိုင်းကတော့ အခုညပိုင်းအထိ နေအိမ်အကျယ်ချုပ်တွေကနေ ပြန်လည်လွတ်မြောက်ခြင်း ရှိမရှိကို မသိရှိရသေးပါဘူး။

တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းတွေအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဌတို့ကို ဘာအမှုမှ ဖွင့်လှစ်ပြီး တရားစွဲဆိုထားခြင်းမရှိသလို ပြန်လည်လွှတ်ပေးဖို့ကိုလည်း ညွှန်ကြားတာတွေ ရောက်ရှိမလာသေးဘူးလို့ သိရပါတယ်။

တိုင်းအစိုးရအဖွဲ့ လွှတ်တော်ဥက္ကဌတို့ကို အစိုးရအဖွဲ့အိမ်ယာအတွင်းမှာပဲ စစ်တပ်လုံခြုံရေးနဲ့အတူ ထားရှိထားတာဟာ ဘာ့ကြောင့်ထားရှိထားလဲဆိုတာကိုလည်း မသိရဘူးလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဥပဒေရေးရာ အကြံပေးအဖြစ်လုပ်ဆောင်ခဲ့သူ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ အခုလို ဘာအပြစ်မှမရှိဘဲ အကျယ်ချုပ်ချုပ်နှောင်ထားတာဟာ လူ့အခွင့်အရေးနဲ့ ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

မိသားစုတွေနဲ့ ပုံမှန်ဆက်သွယ်ခွင့်ကို အကန့်အသတ်နဲ့ ပေးထားပြီး ဘာပြစ်မှုမှ ကျူးလွန်ထားခြင်းမရှိသူတွေကို အကျယ်ချုပ်ဖမ်းဆီးထားတာဟာ စစ်အုပ်စုဟာ ဥပဒေတွေ ချိုးဖောက်နေတာပဲဖြစ်ပါတယ်။

နိုင်ငံတကာမှာ မျက်နှာလိုချင်နေတဲ့ စစ်အုပ်စုဟာ သူတို့မတရားဖမ်းဆီးထားတဲ့ သူတွေကို လွှတ်ပေးပြီးတော့ နာမည်ကောင်းယူချင်နေချိန်မှာ ဘာပြစ်မှုမှလည်း စွဲဆိုထားခြင်းမရှိဘဲ မတရားအကျယ်ချုပ်ချထားခြင်းခံရတဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဌတို့ကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ လိုအပ်နေပါတယ်။