နုတ်ထွက်ထားတဲ့ ခရမ်းအုပ်ကြီးအနည်းငယ် ရုံးပြန်ထိုင်

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အတွင်းရှိ နုတ်ထွက်စာတင်ထားတဲ့အုပ်ချုပ်ရေးမှူးအနည်းငယ် ရုံးပြန်ထိုင်နေပြီလို့ သိရပါတယ်။

ခရမ်းမြို့နယ်အတွင်းရှိ ၃ရပ်ကွက်၊၉ရပ်ကွက်၊၁၁ရပ်ကွက်၊ညောင်ပင်ကွင်းကျေးရွာနဲ့ကံသာရွာတို့က နုတ်ထွက်ထား တဲ့အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့အိမ်တွေမှာ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာပြန်လုပ်ပေးနေတယ် လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။

၉ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီနေ့ကစလို့ ရုံးပြန်ထိုင်မယ်လို့ ထောက်ခံစာလာလုပ်သူတွေကို ပြောခဲ့ကြောင်း ခရမ်း ချန်နယ်ကဖော်ပြပါတယ်။

မကြာသေးမီကမှ ခရမ်းမြို့နယ်တစ်ခုလုံးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ တရားဝင်နုတ်ထွက်စာတင်ခဲ့ကြတာပါ။

ခရမ်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးက ‘အခုအုပ်ကြီးပြန်လုပ်တယ်ဆိုတာအင်မတန်အပြစ်ကြီးတဲ့အလုပ်ကို လုပ်ကြတာပေါ့။ခရမ်းပြည်သူတွေကိုရော PDF တွေကိုပါ စိန်ခေါ်လိုက်တဲ့လုပ်ရပ်ပါ။အခုစစ်ခွေးတွေက ခရမ်းကို ဖိ လာတော့ စစ်ခွေးအမာခံအုပ်ကြီးတွေ ပြည်သူကိုသူတို့အသက်နဲ့ရင်းပြီးပြန်အာခံတဲ့သဘောလို့ယူဆပါတယ်’လို့ ပြောပါတယ်။

ခရမ်းမြို့နယ်အတွင်းအုပ်ချုပ်ရေးမှူးတွေနုတ်ထွက်သွားပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက သူတို့အုပ်ချုပ်မယ်လို့ကျေးရွာတချို့မှာ ပြောကြားခဲ့တယ်လို့ ခရမ်းချန်နယ်မှာဖော်ပြထားပါတယ်။

ယမန်နေ့ကစပြီး ခရမ်းမြို့နယ်အတွင်းကကျေးရွာအချို့မှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားပါတယ်။

ခရမ်းမှာအထိုင်ချထားတဲ့စစ်တပ်ဟာ မြို့အဝင်အထွက်ကို တင်းကျပ်ထားပြီး ခရမ်းမှာနေထိုင်ကြောင်း ထောက်ခံစာ ပါမှ အဝင်အထွက်လက်ခံပါတယ်။