ရန်ကုန်တိုင်းအတွင်း ထိရောက်တဲ့စစ်ရေးပစ်မှတ်တွေကို ကွပ်ကဲရေးအဖွဲ့ သတ်မှတ်ပေး

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေနဲ့ ထိရောက်တဲ့ စစ်ရေးပစ်မှတ်တွေသတ်မှတ်ပြီး အကြမ်းဖက်စစ်အုပ်စုတပ်တွေကို ခုခံတွန်းလှန်နေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတော် အရေးပေါ် အခြေအနေကြေညာပြီးနောက် စစ်အုပ်စုရဲ့ ရက်စက်မှုတွေကို ရန်ကုန်တိုင်းအတွင်း ထိရောက်စွာခုခံတွန်းလှန် ကာကွယ် ပေးနိုင်ဖို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကို စက်တင် ဘာလအတွင်းက ဖွဲ့စည်းခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ခဲ့ပါ တယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ဟာ စတင်ဖွဲ့စည်းချိန်ကစလို့ စစ်အုပ်စုရဲ့ ပစ်မှတ်တွေကို ခုခံတိုက်ခိုက် ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းမျဉ်းတွေနဲ့အညီ လိုက်နာ ဆောင်ရွက်စေဖို့ ထိန်းကွပ်ကြပ်မတ်ပေးခဲ့သလို စစ်ရေးစီမံချက်တွေချမှတ်ပြီး ကွပ်ကဲရေးအဖွဲ့လက်အောက်ရှိ စစ်ဆင်ရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကြား ပေါင်းစပ်ညှိနှိုင်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့အနေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့အညီ ခုခံတော်လှန်ခဲ့တဲ့ အသေး စိတ် သတင်းအချက်အလက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားပါမယ်။