ပြင်စလူရေလုပ်သားတွေဆီက ဆက်ကြေးတောင်းနေတဲ့ စစ်အုပ်စု တပ်ချိန်း

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

လပွတ္တာမြို့နယ် ပြင်စလူမြို့မှာ ရေလုပ်သားနဲ့ ဒေသခံတွေဆီက ဆက်ကြေးတောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အမှတ် ၆၆ တပ်ရင်းမှ တပ်စုတစ်စုအစား အမှတ် ၉၃ တပ်ရင်းမှ တပ်စုတစ်စုကို အစားထိုး ချထားလိုက်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၄ရက်နေ့ ညနေ ၆နာရီခန့်မှာ မြောင်းမြမြို့အခြေစိုက် အမှတ် ၉၃တပ်ရင်းမှ တပ်စုတစ်စု ပြင်စလူမြို့ကို လာရောက်ပြီးတော့ တပ်ချိန်းခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“ဗိုလ်ကြီးဆိုတဲ့ကောင် ဒေါသတွေထွက်ပြီး ချက်ခြင်း ပြောင်းဖို့လုပ်နေတယ်၊ မြောင်းမြက ၉၃က လာပြီးတော့ နေရာချိန်းတာ၊ အကောင်းဆုံးက အဲ့လိုကောင်တွေ မရှိတော့ဖို့ဘဲ ကျွန်တော်တို့က နယ်မြေအကျင်းလေးမို့သာ ကြည့်နေရတာ ဒီလိုသူပုန်စစ်တပ်က ဘယ်နေရာမှာမှ မရှိသင့်ဘူး”လို့ ဒေသခံတစ်ဦးက Delta News Agency ကိုပြောပါတယ်။

ပြင်စလူမြို့မှာ ပင်လယ်ပြင်လုံခြုံရေးဆိုကာ အစောင့်ကျနေတဲ့ ဗိုလ်ကြီးအဆင့်တစ်ဦး ဦးဆောင်တဲ့ တပ်မ ၆၆ရဲ့ တပ်ခွဲတစ်ခုဟာ ဒေသခံရေလုပ်သားတွေထံကနေ ကဏန်းထောင် တစ်ယောက်စီး စက်လှေငယ်တစ်စီးကို တစ်လကိုတစ်သိန်းကျပ်၊ ငါးဖမ်းလှေတစ်စီးကို တစ်လကို ရှစ်သိန်းကျပ်နဲ့ ဝက်တစ်ကောင်ပေါ်လျှင် တစ်ကောင်ကို သုံးသောင်းကျပ်အဖြစ် ဆက်ကြေးတောင်းခံခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။