ကယားပြည်နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုဝင် ၃ဦးသေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ကယားပြည်နယ်(ကရင်နီ)အတွင်းမှာ တိုက်ပွဲတွေ နေရာအနှံဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာလ ၁၄ရက်နေ့က ဝမ်လထွားကျေးရွာအနီး တိုက်ပွဲမှာ စစ်အုပ်စုက ၃ဦး သေဆုံးခဲ့တယ်လို့ KNDFက သတင်းထုတ်ပြန်လိုက်ပါတယ်။

မနက် ၈နာရီ ၃၀မိနစ်ခန့်မှာ ၆မိုင် ဘက်သလင်နဲ့ ဝမ်လထွားကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို KNDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု ၃ဦးသေဆုံးခဲ့ပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

နေ့လည်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက လက်နက်ကြီးတွေကို အလွန်အကျွံ့အသုံးပြုကာ ပြည်သူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ညနေ ၃နာရီ ၃၀မိနစ်ခန့်မှာတော့ အကြမ်းဖက်စစ်အုပ်စုဟာ ဒီးမော့ဆိုမြို့မှ လွိုင်ကော်မြို့ကို စစ်အင်အားဖြည့်သွားရောက်ခဲ့ပြီး တင့်ကားတွေပါ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။

ညနေ ၄နာရီခန့်မှာလည်း ဖားဆောင်းမြို့နယ် နန်းမကုနဲ့ ပန်ပုကျေးရွာအကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်နီတပ်မတော် KAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေတွေကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ KNDF သတင်းနှင့် ပြန်ကြားရေးဌာနက သိရပါတယ်။