ပုသိမ်မြို့မှာ ဒလန်လို့နာမည်ကြီးသူတစ်ဦး အပစ်ခံရ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ပုသိမ်မြို့ တဂေါင်းဘုရားအနီးမှာ အောက်တိုဘာလ ၁၄ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့်မှာ ဒလန်လို့နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အပစ်ခံခဲ့ရသူဟာ အမှတ်(၈)ရပ်ကွက် မငြိမ်းလှကုန်းမှာ နေထိုင်တဲ့ ကြံ့ဖွံပါတီဝင် ဦးအောင်စိုးဆိုသူဖြစ်ပြီး သူဟာ ရပ်ကွက်အတွင်းက ပြည်သူတွေကို PDFနဲ့CDMတွေလို့ စစ်အုပ်စုကို မဟုတ်မမှန်သတင်းပေးပြီး ဖမ်းဆီးဖို့ စေခဲ့သူလို့ ဒေသခံတွေကပြောပါတယ်။

ဦးအောင်စိုးဟာ ဆိုင်ကယ်နဲ့ ဇနီးဖြစ်သူအပြင် ကလေးငယ်တစ်ဦးတင်ဆောင်ပြီး တကောင်းဘုရားအနီး ဆိုင်ကယ်ရပ်တန့်စဉ်မှာ အနီးကပ်အပစ်ခံလိုက်ရတာလို့ သိရပါတယ်။

“သေနတ်သံသုံးချက်ကြားလို့ သွားကြည့်တာ အပစ်ခံထားရတာကို တွေ့တာပဲ၊ အပစ်ခံရပြီး သိပ်မကြာဘူး သေသွားတယ်၊ သူက ဒလန်အစစ်ပါပဲ သူ့ကြောင့် အဖမ်းခံထားရသူမနည်းဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုပစ်ခတ်မှုဟာ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ရောက်ရှိလာပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။