အာဖဂန်က ဒုက္ခသည် ၁၀၀ ကျော်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ကယ်ထုတ်ပေးနိုင်ခဲ့

၁၅ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

 ကာတာအစိုးရရဲ့ အကူအညီနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ အာဖဂန်နစ္စတန်၊  ကဘူးလ်မြို့က ဒုက္ခသည် အယောက် ၁၀၀ ကျော် ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ The Independent ရဲ့ အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။

အစီရင်ခံစာဟာ အောက်တိုဘာ ၁၄ ရက်နေ့၊ မနေ့က ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဖီဖာအနေနဲ့ အာဖဂန်က အမျိုးသားဘောလုံးသမားတွေ၊ အမျိုးသမီးဘောလုံးသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို အဓိက ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

“ဒီ့အတွက် ဩဂုတ်လကတည်းက ဆွေးနွေးခဲ့ကြတာပါ၊ ဘေးကင်းကင်းပဲ ရောက်ရှိခဲ့ပါတယ်”လို့ စစ်ဆင်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

ဖီဖာက ကယ်ထုတ်နိုင်ခဲ့တဲ့ ဒုက္ခသည်တွေထဲမှာ အမျိုးသမီး ဘောလုံးသမား အယောက် ၂၀ လောက်ပါဝင်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာ အာဖန်ဂန်နိုင်ငံဟာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ခဲ့လို့ နိုင်ငံတွင်း ပိတ်မိနေတဲ့ ဘောလုံးအားကစားသမားတွေကို ကယ်ဆယ်ပေးဖို့ ဖီဖာအနေနဲ့ အစောပိုင်းကတည်းက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ 

ဒီကယ်ဆယ်ရေးအတွက် ကာတာအစိုးရနဲ့ ဖီဖာက အဓိက ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ 

ကာတာနိုင်ငံဟာ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ဖီဖာအရာရှိတွေကို လာဘ်ထိုးခဲ့တယ်ဆိုတဲ့ အငြင်းပွားဖွယ် အခြေအနေအထားတွေဟာလည်း အစောပိုင်းမှာ ရှိခဲ့ပါတယ်။ 

ဒီရိုက်ခတ်မှုတွေကြောင့်ပဲ ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာဟာ ဖီဖာရဲ့ လှုပ်ရှားမှုတွေအားလုံးနဲ့ ၁၂ နှစ်မပတ်သက်ရ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။  

သတင်းအချို့ကတော့ ကမ္ဘာ့ဖလားလက်ခံကျင်းပခွင့်နဲ့ ပတ်သက်လို့ နာမည်ပျက်ခဲ့ရတဲ့ အခြေအနေကို ကာမိစေဖို့ ဒီစစ်ဆင်ရေးကို ကာတာနဲ့ ဖီဖာတို့ ပူးပေါင်းလုပ်ဆောင်လိုက်တာလို့ ရေးသားဖော်ပြပါတယ်။ 

ဒါပေမဲ့ အာဖဂန်အတွင်းက အမျိုးသမီးဘောလုံးသမားတွေရဲ့ အနာဂတ်ဟာ တာလီဘန်တွေရဲ့ လက်အောက်မှာ ရေရှည်အနေနဲ့ ဆိုးရွားဖို့သာ ရှိနေတယ်လို့ အချို့ကလည်း သုံးသပ်ခဲ့ပါတယ်။