နိုင်ငံရေးကနေနုတ်ထွက်ပြီး စစ်တပ်ရဲ့ဂုဏ်သိက္ခာကျဆင်းမှုကိုကယ်တင်ဖို့ ကေအဲန်ယူတောင်းဆို

၁၅ ၊အောက်တိုဘာလ ၊ ၂၀၂၁ ။

စစ်တပ်ရဲ့ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်တဲ့အနေနဲ့ နိုင်ငံရေးထဲ ပါဝင်နေမှုကနေ နုတ်ထွက်ကြောင်း ကြေညာဖို့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ကထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ၁၅ရက်နေ့၊တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးမှု(၆)နှစ်မြောက် ကြေညာချက်မှာ အဲဒီလိုထည့်သွင်းဖော်ပြထားပါတယ်။

စစ်တပ်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေညာချက်ထုတ် ပြန် ပေးဖို့လည်း တောင်းဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးခံပုဂ္ဂိုလ်တွေအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လည်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်အာဏာပြုအုပ်ချုပ်မှုအဆုံးသတ်နိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် ကုလသမဂ္ဂအခြေပြု နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို သဘောတူလက်ခံခြင်း၊ညှိနှိုင်းဆွေးနွေးခြင်း၊ဘက်ပေါင်းစုံ အဓိကကျတဲ့ ကိုယ်စားပြုသူတွေပါဝင်တဲ့ ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းဖို့ စတာတွေလည်း တောင်းဆိုပါတယ်။

အာဏာသိမ်းမှုဟာ NCAအခြေခံမူတွေအားလုံးအပေါ် ချိုးဖောက်မှုဖြစ်ပေါ်စေပြီး နိုင်ငံရေးပြဿနာကို အင်အား သုံးအဖြေရှာတဲ့စစ်အာဏာရှင်စနစ်ကို  ပြန်ရောက်သွားတဲ့ အကြောင်းနဲ့ အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲအဖြစ် နိုင်ငံပြိုလဲပျက်စီးလုအနေအထားကို ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။

ကေအဲန်ယူအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူအပေါ် ရပ်တည်နေ တဲ့အကြောင်းနဲ့ဆွေးနွေးဖက်တွေရဲ့ ရိုးသားမှုနဲ့သဘောတူညီချက်ကိုလိုက်နာဖို့ ထားရှိရမယ့် သံန္နိဌာန်ခိုင်မာမှုအပေါ် လုံးဝ မူ တည်နေတယ်လို့ NCA အကောင်အထည်ဖော်မှုအတွေ့အကြုံအရသိရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။