စစ်အုပ်စုကိုအသိအမှတ်ပြုတာမျိုးမဖြစ်စေဖို့ ကုလ-အာဆီယံဆွေးနွေးပွဲ ကုလထွေချုပ်ရွှေ့ဆိုင်းခဲ့

၁၅ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုတာမျိုးမဖြစ်စေဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အွန်လိုင်း ဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ရွှေ့ဆိုင်းပေးဖို့တောင်းဆိုလိုက်တာလို့ သိရပါတယ်။

အောက်တိုဘာ၈ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres တို့ ဆွေးနွေးမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ကုလထွေချုပ်ကိုယ်တိုင်က နောက်ဆုံးမိနစ် မှာ တောင်းဆိုခဲ့တာလို့ အမည်မဖော်လိုတဲ့ကုလသံတမန်တစ်ဦးကပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ စစ်အုပ်စုခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ပါဝင်ဆွေးနွေးမယ်ဆိုရင် မြန်မာအာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုသလိုဖြစ်တဲ့အတွက် ကုလထွေချုပ်က အဲဒီလို တောင်းဆိုခဲ့တာပါ။

 ကုလထွေချုပ်အနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်အုပ်စုတို့အကြား ဘယ်သူ ရသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို  ချမှတ်တာလည်း မလုပ်ချင်ဘူးလို့ သူက ပြောပါတယ်။