အဆင့်မြင့် လက်နက်တွေ ပိုင်ဆိုင်ထားပေမယ့် ဘယ်သူကိုမှ မခြိမ်းခြောက်ဟု ရုရှားသမ္မတ ပူတင်ပြော

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ရုရှားသမ္မတ ပူတင်က နိုင်ငံမှာ အသံထက် ငါးဆပိုမြန်တဲ့ အဆင့်မြင့် နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားပေမယ့် လက်နက်ပြိုင်ပွဲပြုလုပ်နေတာမဟုတ်သလို ဘယ်သူကိုမှလည်း မခြိမ်းခြောက်ထားဘူးလို့ အသိပေးပြောကြားခဲ့ပါတယ်။

သမ္မတပူတင်က  ဒီလက်နက်ထုတ်လုပ်ရေး နည်းပညာတွေဟာ ကမ္ဘာပေါ်က အဆင့်မြင့် စစ်တပ်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတိုင်း ရှိနိုင်မှာဖြစ်လို့ ထူးခြားတဲ့ ကိစ္စရပ်မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ရုရှားသမ္မတဟာ ဒီပြောဆိုမှုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့၊  မော်စကိုမှာ ကျင်းပတဲ့ စွမ်းအင် ကဏ္ဍဖိုရမ်တစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပြီး ပိုင်ဆိုင်ထားတဲ့ လက်နက်တွေနဲ့ အလွဲသုံးစားလုပ်သွားမဟုတ်ဘူးလို့ သူကပြောပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက်အရ ရုရှားနိုင်ငံက ပိုင်ဆိုင်ထားတဲ့ အဆင့်မြင့်နျူကလီးယား လက်နက်တွေဟာ အမေရိကန်က မြို့တွေကို အသာလေးဖျက်ဆီးပစ်နိုင်စွမ်း ရှိနေတယ်လို့ ရေးသားဖော်ပြကြပါတယ်။ 

ရုရှားသမ္မတပူတင်က “အသံထက်မြန်တာတင် မဟုတ်ဘူး။ တိုက်ချင်းပစ်ဒုံးကျည်လည်းဖြစ်တယ်”လို့  ပြောကြားခဲ့ပါတယ်။ 

ဒါအပြင် နျူကလီးယားလက်နက်တွေဟာ အများထင်တာထက် ပိုမိုပြင်းထန်မှုရှိတယ်လို့ သူကဆက်ပြောပါတယ်။ 

ရုရှားနိုင်ငံဟာ အခုလ အစောပိုင်းမှာလည်း  နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ဆီဗာရော့ဒ်ဗင့်ခ်ကနေ အသံထက်မြန်တဲ့ ဇာကွန်းဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါသေးတယ်။