ခရမ်းမြို့ပေါ် သေနတ်သံတွေဆူညံ

၁၅ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်မှာ မနေ့ညဦးပိုင်းက သေနတ်သံတွေဆူညံခဲ့ပေမဲ့ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက မိုးပေါ်ထောင်ပစ် ခြိမ်းခြောက်တာသာဖြစ်တယ်လို့ သိရပါတယ်။
 
မနေ့ည ၉နာရီဝန်းကျင်က ခရမ်းမြို့ရဲစခန်း၊အားကစားရုံ၊ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုနဲ့ ဒေးပေါက် စစ်ဆေးရေးဂိတ်တို့မှာ အချက်ပေါင်းများစွာသေနတ်ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက် နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
 
‘ဘာ့ကြောင့်ပစ်လဲဆိုတော့ တပ်ပြောင်းတပ်လွှဲလုပ်လို့ပစ်တာတဲ့။တပ်အသစ်က ရောက်ရောက်ချင်း ခရမ်းပြည်သူတွေကို ခြိမ်းခြောက်တဲ့သဘောပေါ့ ။ သူတို့ကြောက်လည်း ကြောက်ကြပုံပါပဲ။ မင်းအောင်လှိုင်တပ်တွေဟာ မြို့ပေါ် လိုနေရာတွေမှာတောင် ဘယ်ပြည်သူကိုမှ ဂရုမစိုက်ဘူးဆိုတဲ့သဘောပေါ့ဗျာ’လို့ ခရမ်းမြို့၁ရပ်ကွက်သားတစ်ဦး ကပြောပါတယ်။
 
မြို့ပေါ်ရပ်ကွက်တွေအပြင် ဘုရားပျိုရွာနဲ့ပိန်းကန်ရွာတို့မှာလည်း သေနတ်မိုးပေါ်ထောင်ဖောက်ခဲ့တယ်လို့လည်း သိရပါတယ်။
 
ယမန်နေ့ည ၇နာရီခွဲလောက်က ခရမ်းမြို့ပေါ်တာဝန်ကျနေတဲ့ တပ်သား၂၀လောက်နေရာမှာ ရေတပ်သားတွေ အစားထိုးရောက်ရှိလာတယ်လို့ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
 
ခရမ်းမြို့ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ စစ်အုပ်စုခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးလုံးဝကင်းစင်ခဲ့တဲ့ မြို့ဖြစ်ပါ တယ်။