ဘောလုံးပွဲတွေမှာ အပြာကတ် သုံးဖို့ကိစ္စ လောလောဆယ် မဖြစ်နိုင်သေးကြောင်း ဖီဖာပြော

ဖေဖော်ဝါရီ၊ ၉

လတ်တလော သတင်းကြီးနေတဲ့ အပြာကတ်အသစ် မိတ်ဆက်မယ့် ကိစ္စကို ပရော်ဖက်ရှင်နယ် ထိပ်တန်း ပြိုင်ပွဲကြီးတွေမှာ လောလောဆယ် အသုံးပြုဦးမှာ မဟုတ်ကြောင်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အရာရှိ တဦးက ပြောကြားခဲ့ပါတယ်။

အခု သီတင်းပတ်အတွင်း ဘောလုံးပရိသတ်တွေကြား အထူး စိတ်ဝင်တစား ဆွေးနွေးနေတဲ့ အကြောင်းအရာ တခုကတော့ အနီကတ်၊ အဝါကတ်တွေအပြင် အပြာကတ်ကိုပါ ဘောလုံးပွဲတွေမှာ တွေ့မြင်လာရမယ်ဆိုတဲ့ ကိစ္စပါ။ အပြာကတ်ရဲ့ သဘောအရတော့ ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ဖို့ထိ မသင့်တော်ပေမယ့် ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ယူဆရင် ကစားသမား တဦးကို ကွင်းထဲကနေ ၁၀ မိနစ်ကြာ ထုတ်ပယ်ထားကြောင်း အသိပေးပြီး ပြသရမှာ ဖြစ်ပါတယ်။

ဖီဖာရဲ့ ဒိုင်ကော်မတီ ပီရာလူဂီ ကော်လီနာကတော့ အဲဒီ စိတ်ကူးကို မူအားဖြင့် ထောက်ခံပေမယ့် အပျော်တမ်း အဆင့်နဲ့ တခြား ပြိုင်ပွဲငယ်တွေမှာ တဆင့်ချင်းစီ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ပြီးမှသာ ထိပ်တန်း ပြိုင်ပွဲတွေဆီ ရောက်လာနိုင်ခြေ ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အခု ပရိသတ်တွေ ယူဆနေသလို ဘောလုံးပွဲကြီးတွေမှာ အပြာကတ်တွေ ချက်ချင်းလက်ငင်း မြင်လာရဖို့တော့ မရှိသေးဘူးလို့ ကော်လီနာက ဆိုပါတယ်။

သူက အပြာကတ် အသုံးပြုမှုကို ဒေသအလိုက် ပြိုင်ပွဲငယ်လေးတွေမှာ စမ်းသပ် အသုံးပြုခဲ့ပြီး ရလဒ်တွေက ကျေနပ်စရာ ဖြစ်ခဲ့ကြောင်း၊ ဒီတော့ ဆီမီးပရော်ဖက်ရှင်နယ်နဲ့ ပရော်ဖက်ရှင်နယ် အဆင့်တွေကို တဖြည်းဖြည်းချင်း တိုးမြှင့် စမ်းသပ်သွားဖို့ ဆွေးနွေးနေကြောင်း မှတ်ချက် ပေးသွားပါတယ်။

အင်္ဂလန်မှာဆိုရင် အမျိုးသား၊ အမျိုးသမီး အက်ဖ်အေ ရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာ အပြာကတ်တွေကို တွေ့မြင်လာရနိုင်တယ်လို့ ဆိုပါတယ်။ ဖီဖာက အပြာကတ် အသုံးပြုမှုကို တရားဝင် လက်ခံ သတ်မှတ်ပေးလိုက်ပြီဆိုရင် နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ဒိုင်လူကြီးတွေရဲ့ အိတ်ထဲမှာ ကတ်ပြား အရောင်သစ်တခု တိုးလာမယ့် အဓိပ္ပါယ်ပါပဲ။

 တဖက်မှာလည်း အပြာကတ်ကို သုံးသင့် မသုံးသင့် ဆိုတာက သဘောထား ကွဲလွဲမှုတွေ ရှိနေဆဲပါ။ ဥပမာ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒား ဆီဖာရင်ဆိုရင် လာမယ့် ဥရောပ နိုင်ငံများ တံခွန်စိုက်ဖလား ပြိုင်ပွဲနဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ အပြာကတ် အသုံးပြုသင့်ကြောင်း စိတ်ကူးကို ငြင်းပယ်နေဆဲ ဖြစ်ပါတယ်။

 

Ref: FIFA Media