ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ ဆွတ်ခူး

ဖေဖော်ဝါရီ၊ ၂၈

အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် အဓိက ဦးဆောင်ခဲ့တဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပေးအပ်တဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမား ဆုကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

 ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ ကစားနေတဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ် နာမည်ကြီး ကစားသမား နှစ်ယောက်ဖြစ်တဲ့ ကိုင်လီယန် အမ်ဘက်ပီနဲ့ ကာရင်မ် ဘန်ဇီးမားတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ချီးမြှင့် ခံခဲ့ရပါတယ်။

 ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး အမျိုးသား ဘောလုံးနည်းပြ ဆုကိုလည်း အာဂျင်တီးနားရဲ့ လီယွန်နယ်လ် စကာလိုနီ၊ အကောင်းဆုံး ဂိုးသမားဆုကို အာဂျင်တီးနား လက်ရွေးစင် အီမီလီယာနို မာတီနက်ဇ်တို့က အသီးသီး ရရှိခဲ့ပါတယ်။

 သူ့အနေနဲ့ ထူးကဲ ကောင်းမွန်တဲ့ နှစ်တနှစ်ကို ဖြတ်သန်းခဲ့ပြီး ဒီဆုကို ဒုတိယအကြိမ် ရရှိလာခြင်းက ကြည်နူးစရာ အရမ်းကောင်းကြောင်း၊ သူ့အတွက် ဒါဟာ ကြီးကျယ်တဲ့ ဂုဏ်ပြုမှု တခုအဖြစ် ခံယူပြီး အသင်းဖော်တွေသာ မကူညီခဲ့ရင် ဒီဆုမျိုး ရခဲ့မှာလည်း မဟုတ်ကြောင်း၊ သူ့ဘဝတလျှောက် ရည်မှန်းထားခဲ့တဲ့ အိပ်မက်တခုကို ပြီးခဲ့တဲ့နှစ်မှာ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ကမ္ဘာ့ဖလားကို ရဖို့ဆိုတာ လူအနည်းအကျဉ်းလောက်ပဲ မျှော်လင့်ခွင့် ရှိပေမယ့် အဲဒီထဲမှာ ပါဝင်ခွင့် ရလာတာ ကံကောင်းတယ်လို့ ခံစားမိကြောင်း မက်ဆီက ပြောကြားသွားပါတယ်။

 မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက ကလပ်နဲ့ နိုင်ငံအတွက် ၄၉ ပွဲကစားပြီး ၂၇ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးမယ် ဆုကိုတော့ ဘာစီလိုနာ အသင်းရဲ့ အလက်ရှာ ပူတဲလက်စ်က ရရှိသွားခဲ့ပါတယ်။ အင်္ဂလန် အသင်းရဲ့ မန်နေဂျာ ဆရီနာ ဝီဂ်မန်းကတော့ အသင်းကို ဥရောပ ချန်ပီယံရှစ် ဆုဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့အတွက် အကောင်းဆုံး အမျိုးသမီး ဘောလုံးအသင်း နည်းပြဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ဂိုးသမား မေရီအပ်စ်က အကောင်းဆုံး အမျိုးသမီး ဂိုးသမားဆုကို ရရှိခဲ့ပါတယ်။

 အံ့ဩစရာ အခြေအနေ တခုကတော့ ဖီဖာရဲ့ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့တဲ့ မာတီနက်ဇ်ဟာ တနှစ်တာ ဖီဖာ အကောင်းဆုံး လက်ရွေးစင် ၁၁ ဦးစာရင်းမှာ ရွေးချယ် မခံခဲ့ရခြင်း ဖြစ်ပါတယ်။ သူ့အစား ရီးရဲလ်မက်ဒရစ်နဲ့ ဘယ်လ်ဂျီယမ် ဂိုးသမား သီဘောက် ကော်တွိုက်စ်က ဖီဖာလက်ရွေးစင် အသင်းမှာ ပါဝင်လာပြီး တခြား ကစားသမားတွေအဖြစ် အက်ချ်ရက်ဖ် ဟာကီမီ၊ ဗာဂျဲလ် ဗန်ဒက်ဂျ်ခ်၊ ယာအို ကန်ဆယ်လို၊ ကီဗင် ဒီဘရိုင်း၊ လူကာ မိုဒရစ်၊ ကက်စ်မဲရိုး၊ အာလင်ဟာလန်း၊ ဘန်ဇီးမား၊ အမ်ဘက်ပီနဲ့ မက်ဆီတို့ ရွေးချယ် ခံခဲ့ကြရပါတယ်။