ပွဲဦးထွက် အရှုံးက အာဂျင်တီးနားကို လှုပ်နှိုးခဲ့တယ်လို့ မက်ဆီ ဝန်ခံ

ပွဲဦးထွက် အရှုံးဟာ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲထိ ချီတက်လာနိုင်မှုမှာ အဓိက တွန်းအား ဖြစ်စေခဲ့ကြောင်း အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဝန်ခံခဲ့ပါတယ်။

 

နာမည်ကြီး အာဂျင်တီးနားဟာ ခရိုအေးရှား အသင်းကို အကြိုဗိုလ်လုပွဲမှာ ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့နောက် ဗိုလ်လုပွဲထိ တက်ရောက်လာနိုင်ခဲ့ပြီး ပြင်သစ်နဲ့ မော်ရိုကိုတို့အနက် အနိုင်ရလာတဲ့ အသင်းနဲ့ ဖလားလုရတော့မှာပါ။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ခရိုအေးရှားနဲ့ပွဲမှာ အထူး ခြေစွမ်းပြခဲ့သလို ပင်နယ်တီကနေတဆင့် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။

 

ဒါပေမဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား ခရီးလမ်းက အစစ အရာရာ ဖြောင့်ဖြူးခဲ့တာတော့ မဟုတ်ပါဘူး။ အုပ်စု အဖွင့် ပွဲစဉ်မှာ ကမ္ဘာ့အဆင့် ၅၁ နေရာက ဆော်ဒီ အာရေးဘီးယားကို ၂-၁ နဲ့ အရေးနိမ့်သွားတာကြောင့် တောင်အမေရိက ထိပ်တန်း ဘောလုံးအသင်းဟာ အုပ်စုအဆင့်ကတောင် လွတ်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ ကြုံခဲ့ရပါသေးတယ်။

 

ကမ္ဘာ့ဖလား သမိုင်းတလျှောက်မှာတော့ ပွဲဦးထွက် ရှုံးနိမ့်ပြီး ဖလားရတာဆိုလို့ ၂၀၁၀ ပြည့်နှစ် ချန်ပီယံ စပိန် တစ်သင်းသာ ရှိခဲ့ဖူးပါတယ်။ ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ၂၅ ကြိမ်မြောက် ပါဝင် ယှဉ်ပြိုင်ပြီး ၁၁ လုံးမြောက် ကမ္ဘာ့ဖလား သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့နောက် မက်ဆီက သူ့အနေနဲ့ ပွဲဦးထွက် ရှုံးပွဲကို ကျေးဇူးတင်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

 

ဆော်ဒီကို မရှုံးခင်က အာဂျင်တီးနားဟာ ၃၆ ပွဲ ရှုံးပွဲမရှိ ဖြတ်သန်းထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ပွဲဦးထွက် အရှုံးက အာဂျင်တီးနားအတွက် တပ်လှန့်မှု ဖြစ်သွားပြီး တစ်သင်းလုံးကို လှုပ်နှိုးသလို ဖြစ်ခဲ့တယ်လို့ မက်ဆီက မှတ်ချက် ပေးပါတယ်။ အာဂျင်တီးနားဟာ တောင့်တင်းတဲ့ အသင်းဖြစ်ပြီး နောက်ပွဲတွေကို အနိုင်ယူနိုင်ခဲ့ကြောင်း၊ ခက်ခက်ခဲခဲ ကြိုးစား ဖြတ်သန်းခဲ့ရပေမယ့် အခုတော့ ဗိုလ်လုပွဲ အဆင့်ထိ ရောက်လာနိုင်ကြောင်း၊ ဆော်ဒီနဲ့ ပွဲအပြီး ဆက်တိုက် အနိုင်ရခဲ့သလိုမျိုး ဗိုလ်လုပွဲစဉ်မှာလည်း စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း မက်ဆီက ပြောပါတယ်။

 

အာဂျင်တီးနား ကစားသမားတွေဟာ ဗိုလ်လုပွဲမှာ အစွမ်းကုန် ပေးဆပ်ပြီး ကစားသမားမှာ ဖြစ်ပေမယ့် လောလောဆယ်မှာတော့ အသင်းသားတွေရော၊ ပရိသတ်တွေပါ လက်ရှိ အခြေအနေအပေါ် စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်နေကြဖို့ ထိုက်တန်တယ်လို့လည်း မက်ဆီက ဆိုပါတယ်။

 

ပြိုင်ဘက် ခရိုအေးရှား အသင်းရဲ့ နည်းပြချုပ် ဇလာကို ဒါလစ်က အခုပွဲစဉ်မှာ မက်ဆီရဲ့ ကစားပုံနဲ့ ပတ်သက်လို့ အလေးအနက် ချီးကျူးသွားခဲ့ပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတာ သံသယရှိဖို့ မလိုကြောင်း၊ ခရိုအေးရှားအတွက် အရမ်း အန္တရာယ် ပေးနိုင်ခဲ့တဲ့ အရည်အသွေးမြင့် ပြိုင်ဘက်ဖြစ်ပြီး အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့ ကစားသွားခဲ့ကြောင်း၊ ပရိသတ်တွေ အားလုံး မျှော်လင့်ထားတဲ့ မက်ဆီ စစ်စစ်ကို မြင်ခဲ့ရတာဖြစ်ကြောင်း ဒါလစ်က ပြောကြားသွားခဲ့ပါတယ်။