ဖီဖာ အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ တတိယအကြိမ် ဆွတ်ခူး

ဇန်နဝါရီ၊ ၁၆

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက တတိယ အကြိမ်မြောက်အဖြစ် ဆွတ်ခူးသွားခဲ့ပါတယ်။

အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီမှာ ကစားနေတဲ့ အသက် ၃၆ နှစ်အရွယ် ဝါရင့် ဘောလုံးကြယ်ပွင့်ဟာ မန်ချက်စတာ စီးတီးရဲ့ အာလင်ဟာလန်း၊ ပီအက်စ်ဂျီရဲ့ ကိုင်လီယန် အမ်ဘက်ပီတို့ကို ဖြတ်ကျော်ပြီး အဲဒီ တဦးချင်း ထူးချွန်ဆုကို ရရှိခဲ့တာပါ။

ဖီဖာရဲ့ အဆိုအရ ဆုရွေးချယ်ဖို့ စွမ်းဆောင်ရည် အကဲဖြတ်တဲ့ ကာလဟာ မက်ဆီက အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ရရှိခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့ အတောအတွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ကာလအတွင်း ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ မိုင်ယာမီတို့မှာ မက်ဆီ စွမ်းဆောင်ပြခဲ့တာတွေကို မူတည်ပြီး ဒီဆုကို ချီးမြှင့်တာ ဖြစ်တဲ့အတွက် အမှန်တကယ် ထိုက်တန်ရဲ့လားဆိုတဲ့ ဝေဖန်မှု တချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီ ကာလတွေအတွင်း ဟာလန်းနဲ့ အမ်ဘက်ပီတို့ဟာ သက်ဆိုင်ရာ ကလပ်အသင်း အသီးသီးမှာ ပိုပြီး ပြောင်မြောက်တဲ့ စွမ်းရည်ကောင်းတွေ ပြသနိုင်ခဲ့ကြောင်း ထောက်ပြသူတွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာပဲ မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းကို တောင်အမေရိက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နိုင်အောင် ကူညီ စွမ်းဆောင်ပေးထားပါတယ်။ 

မက်ဆီဟာ ဇန်နဝါရီ ၁၅ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲကို ကိုယ်တိုင်တော့ မတက်ရောက်ခဲ့ပါဘူး။ မက်ဆီဟာ ၂၀၁၉ ခုနှစ်နဲ့ မနှစ်တုန်းကလည်း ဖီဖာရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူး ရရှိထားပြီး ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အမြင့်မားဆုံး တဦးချင်း ဂုဏ်ပြုဆုဖြစ်တဲ့ Ballon d’Orကိုလည်း ၈ ကြိမ်ထိ စံချိန်တင် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ဖီဖာရဲ့ အသန့်ရှင်းဆုံး ဆုကိုတော့ ဘရာဇီး အသင်းက ရရှိခဲ့ပြီး နည်းပြဆုကို မန်ချက်စတာ စီးတီးရဲ့ ပက်ပ် ဂွာဒီယိုလာ၊ အကောင်းဆုံး ဂိုးသမား ဆုကိုတော့ မန်ချက်စတာ စီးတီးနဲ့ ဘရာဇီးရဲ့ အီဒါဆန်တို့က အသီးသီး ရရှိသွားကြောင်း သိရပါတယ်။

 

Ref: ESPN