မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ကဏ္ဍစုံ မြှင့်တင်မယ်လို့ ရုရှားပြော

ဇန်နဝါရီ၊ ၁၆

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ကဏ္ဍပေါင်းစုံမှာ လိုလိုလားလား မြှင့်တင်နေတယ်လို့ ရုရှား အစိုးရက ဆိုပါတယ်။

ဒါဟာ စက်တင်ဘာလတုန်းက နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရင်း ထားရှိခဲ့တဲ့ ကတိကဝတ်တွေကို လက်တွေ့ အကောင်အထည် ဖော်နေတဲ့ သဘောလည်း ဖြစ်တယ်လို့ ကရင်မလင် နန်းတော်က ထုတ်ပြန်ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေ မော်စကိုမှာ တွေ့ဆုံဆွေးနွေးကြမယ့် အစီအစဉ် မတိုင်ခင် ရုရှားဖက်က အခုလို ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟွေဟာ ရှားရှားပါးပါး ပြည်ပ ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားရဲ့ မြို့တော်ဆီ ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ ရုရှားဟာ ယူကရိန်း ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ ခါးသီးမှုတွေ မြင့်တက်လာခြင်းနဲ့ လက်နက် ခဲယမ်း လိုအပ်ချက်တွေကြောင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပိုမို မြှင့်တင်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ မြောက်ကိုရီးယားဖက် ရှုထောင့်က ကြည့်ရင်တော့ ဆိုဗီယက် ပြည်ထောင်စု ခေတ်တုန်းကလို နီးစပ်မှုမျိုး မရှိတဲ့တိုင် ရုရှားရဲ့ မိတ်ဖက် လိုအပ်ချက်ကနေတဆင့် အကျိုးအမြတ်တွေ ရှာဖွေနိုင်မယ်လို့ ယူဆဖွယ် ရှိနေပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ မြောက်ကိုရီးယားဟာ ရုရှားရဲ့ အရင်းနှီးဆုံး မဟာမိတ်နဲ့ လက်တွဲဖော် နိုင်ငံ တခုဖြစ်တာကြောင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ လိုလားတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ယူကရိန်းတို့က ရုရှားဟာ မြောက်ကိုရီးယားဆီက ဝယ်ယူထားတဲ့ ဒုံးကျည်တွေကို ယူကရိန်း စစ်မြေပြင်မှာ အသုံးပြုနေတယ်လို့ စွပ်စွဲထားပေမယ့် ရုရှားရော၊ မြောက်ကိုရီးယားကပါ လက်နက် အရောင်းအဝယ် ကိစ္စကိုတော့ ငြင်းဆိုထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားကို အလည်အပတ် ခရီးစဉ် သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့သလို နှစ်နိုင်ငံကြား ထိပ်တန်း အရာရှိတွေ ထိတွေ့ ဆက်ဆံမှုတွေလည်း ဆက်တိုက် မြင့်တက်လာခဲ့ပါတယ်။

 

Ref: Reuters