ယူကရိန်း သမ္မတက စစ်ဦးစီးချုပ်ကို ရာထူးက ထုတ်ပယ်

ဖေဖော်ဝါရီ၊ ၉

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ကာလတလျှောက် အကြီးမားဆုံး စစ်ဘက်ရာထူး အပြောင်းအလဲအဖြစ် စစ်ဦးစီးချုပ်ကို ယူကရိန်း သမ္မတက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်မှာ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလုဇ်ညီကို ထုတ်ပယ်လိုက်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ကြေညာပြီး သူ့ရဲ့ တာဝန်ကျေပြွန်မှုတွေအတွက် ကျေးဇူးတင်နေမှာ ဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

ဇာလုဇ်ညီဟာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ ဆက်ဆံရေး ပျက်ပြားနေခဲ့ပြီး ရာထူးက သေချာပေါက် ဖယ်ရှားခံရမယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်း ကတည်းက သတင်းကြီးနေခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် မစခင် လပိုင်းအလိုမှာ ဇာလုဇ်ညီကို စစ်ဦးစီးချုပ်အဖြစ် ဇီလန်စကီးကိုယ်တိုင် ခန့်အပ်ခဲ့ပေမယ့် ရုရှား ထိန်းချုပ် နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့ ရည်ရွယ်ခဲ့တဲ့ ယူကရိန်း တန်ပြန်ထိုးစစ် ရလဒ်ဆိုးခဲ့ခြင်းက သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပျက်ပြယ်စေခဲ့ပါတယ်။

ဇာလုဇ်ညီရဲ့ နေရာမှာတော့ စစ်ရေး အတွေ့အကြုံ ကြွယ်ဝပြီး ထိုးစစ်ရော၊ ခံစစ်ဗျူဟာတွေပါ ပိုင်နိုင်တဲ့ ယူကရိန်း ကြည်းတပ် အကြီးအကဲ အိုလက်ဇန္ဒာ ဆစ်စကီနဲ့ အစားထိုးဖို့ ဇီလန်စကီးက ရွေးချယ်ခဲ့ပါတယ်။

ဇာလုဇ်ညီနေရာ ဆစ်စကီ ဆက်ခံခြင်းဟာ ရုရှား ကျူးကျော်စစ် ကာလတလျှောက် ယူကရိန်း စစ်တပ်ထဲမှာ အထင်ရှား အမြင်သာဆုံး၊ အကြီးမားဆုံး ရာထူး အလွှဲအပြောင်းလည်း ဖြစ်လာပါတယ်။

တဖက်မှာလည်း ဇီလန်စကီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိနေပြန်ပါတယ်။ ဇာလုဇ်ညီဟာ ယူကရိန်း တပ်ဖွဲ့ဝင်တွေကြားမှာ လေးစားခံရတဲ့ ခေါင်းဆောင် တဦးဖြစ်ပြီး သူထုတ်ပယ် ခံလိုက်ရတာဟာ ရှေ့တန်းရောက် စစ်သည်တွေကို စိတ်ဓာတ်ရေးရာ ထိခိုက် သက်ရောက်စေနိုင်ကြောင်း အတိုက်အခံ နိုင်ငံရေးသမား တချို့က ထောက်ပြထားကြပါတယ်။

 

Ref: AP