လေယာဉ် အစင်း ၇၀၀ ကျော် ထုတ်လုပ်ဖို့ ရုရှားစီစဉ်

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ရုရှားနိုင်ငံဟာ လာမယ့် ၂၀၃၀ ခုနှစ်မှာ လေယာဉ်အစင်း ၇၀၀ ကျော်လောက် ထုတ်လုပ်ဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ရက်နေ့က ပြောပါတယ်။

ဒီထဲမှာ Light Baikal၊ Il-114၊ mainline MC-21 နဲ့ SSJ 100 လေယာဉ်အမျိုးအစားတွေကိုပါ ထုတ်လုပ်ဖို့ လျာထားတာပါ။

ရုရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး Igor Chalik က “လေယာဉ် အစင်း ၇၀၀ နဲ့ ရဟတ်ယာဉ် ၄၃၀ ကျော်လောက်ကို ထုတ်လုပ်ဖို့ လျာထားပါတယ်”လို့ ပြောပါတယ်။

“ဒါဟာ လေကြောင်းလိုင်း လိုအပ်ချက်တွေရယ်၊ ခေတ်မမီတော့တဲ့ လေယာဉ်တွေနေရာမှာ အစားထိုးဖို့ဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ရုရှားနိုင်ငံဟာ လေကြောင်းဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ မကြာသေးမီနှစ်တွေက တိုးတက်ကောင်းမွန်လာခဲ့ပေမယ့် နည်းပညာ ချွတ်ယွင်းမှုတွေကြောင့် လေယာဉ်ပျက်ကျမှုတွေကတော့ မကြာခဏဖြစ်လေ့ရှိနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း လေထီးခုန်အဖွဲ့တစ်ဖွဲ့စီးနင်းလိုက်ပါလာတဲ့ လေယာဉ်တစင်းပျက်ကျခဲ့လို့ လူ ၁၆ ဦး သေဆုံးခဲ့ရပါတယ်။