Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကို အစွန်းရောက် အကြမ်းဖက်အဖွဲ့လို့ ရုရှား သတ်မှတ်

Facebookနဲ့ Instagramတို့ရဲ့ မိခင်ကုမ္ပဏီ နည်းပညာ လုပ်ငန်းစုကြီး Metaကို အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲ ထည့်သွင်းကြောင်း ရုရှားက ကြေညာလိုက်ပါတယ်။ 

အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Metaဟာ ရုရှား အစိုးရရဲ့ ငွေကြေး စောင့်ကြည့်ရေးဌာနက ပြုစုတဲ့ အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း စာရင်းမှာ အောက်တိုဘာ ၁၁ ရက်ကနေ စတင်ပါဝင်လာတယ်လို့ ဆိုပါတယ်။ ရုရှားဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားမုန်းတီးရေး ဝါဒဖြန့်တာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်တွင်းမှာ Facebook သုံးစွဲခွင့်ကို မတ်လကတည်းက ပိတ်ပင်ထားပါတယ်။ 

မတ်လ ၁၀ ရက်မှာ Metaက စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနိုင်ငံကို ဆဲဆို ကြိမ်းမောင်းတာတွေ၊ ခြိမ်းခြောက်တာတွေ ရေးသားတာကို သူတို့ရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ လက်ခံ ခွင့်ပြုသွားမယ်လို့ ကြေညာပါတယ်။ ဒါပေမဲ့ ရုရှား အရပ်သား ပြည်သူတွေကို ဦးတည်ပြီး ခြိမ်းခြောက်တဲ့ ပို့စ်တွေကိုတော့ လက်ခံမှာ မဟုတ်ဘူးလို့ ပြန်လည် ကန့်သတ်ထားပါတယ်။ 

Facebookနဲ့ Instagramတို့ဟာ ရုရှားမှာ မတ်လကစပြီး အသုံးပြုလို့ မရတော့ပါဘူး။ ဒါပေမဲ့ မြောက်မြားစွာသော ရုရှားနိုင်ငံသားတွေကတော့ VPN Appတွေကို သုံးပြီး Facebook၊ Instagramတို့မှာ ပုံမှန်အတိုင်း ရှိနေကြဆဲပါ။ 

Instagramဟာ ရုရှားမှာ အကျော်ကြားဆုံး လူမှုကွန်ရက် တစ်ခုဖြစ်ပြီး အွန်လိုင်းကနေ စျေးရောင်းတာတွေ၊ ကြော်ငြာတာတွေအတွက် Instagramကို အဓိက အသုံးပြုနေကြပါတယ်။ ပြီးတော့ Metaရဲ့ Appတွေကို ကမ္ဘာတလွှားမှာ အသုံးပြုနေသူ ဘီလီယံနဲ့ချီ များပြားပါတယ်။ 

အခုအခါမှာတော့ ရုရှားအစိုးရရဲ့ အာဘော်အရ Instagramဟာ လက်ယာစွန်း အမျိုးသားရေးဝါဒီ အဖွဲ့အစည်းတွေ၊ နိုင်ငံခြား အခြေစိုက် အကြမ်းဖက် အဖွဲ့တွေ၊ ရုရှား အတိုက်အခံ အင်အားစုတွေနဲ့အတူ နာမည်ပျက်စာရင်း အသွင်းခံလိုက်ရတာလည်း ဖြစ်ပါတယ်။