နွေဦးထီရဲ့ ကံထူးရှင်ရွေးချယ်ပွဲကိုအောက်တိုဘာ ၁ရက်နေ့မှလုပ်မယ်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ရောင်းချပေးခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီရဲ့ ကံထူးရှင်ရွေးချယ်ပွဲကို အောက်တိုဘာလ ၁ရက်နေ့ မနက် ၉နာရီမှာ ပြုလုပ်သွားမယ်လို့ NUGက ကြေညာလိုက်ပါတယ်။

ကံထူးရှင်တွေကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့်ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ကွန်ပျူတာနဲ့ ကျဘမ်းရွေးချယ်ပေးသွားမှာလို့ သိရပါတယ်။

CDMဝန်ထမ်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ရောင်းချခဲ့တဲ့ နွေဦးထီကို ဩဂုတ်လ ၁၅ရက်နေ့မှာ NUGက စတင်ရောင်းချခဲ့တာဖြစ်ပြီး သတ်မှတ်ထီအစောင်ရေကို နာရီပိုင်းအတွင်းမှာ ကုန်စင်အောင် ရောင်းချနိုင်ခဲ့တဲ့အထိ ဝယ်လိုအားများပြားခဲ့ပါတယ်။

ထီရောင်းချရငွေရဲ့ ၇၀ရာခိုင်နှုန်းကို CDMဝန်ထမ်းတွေကို ထောက်ပံ့သွားပြီး ၃၀ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ပေးအပ်သွားမယ်လို့ NUGက ကြေညာထားပါတယ်။