နွေဦးထီ ဖွင့်ပြီ

၁၊ အောက်တိုဘာလ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အောင်လံလွှင့်ချီ နွေဦးထီရဲ့ ကံထူးရှင်ရွေးချယ်မှုကို ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး ကံထူးရှင် ၇၅ဦးထွက်ပေါ်လာခဲ့ပါတယ်။

ကံထူးရှင် ၇၅ဦးအနက် ၆၂ဦးဟာ ဆုကြေးငွေတွေကို ပြန်လည်လှူဒါန်းဖို့အတွက် အဆိုပြုထားတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

CDMဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့ ရောင်းချခဲ့တဲ့ နွေဦးထီဟာ ထီရောင်းချချိန် နာရီပိုင်းအတွင်းမှာကို သတ်မှတ်စောင်ရေ ကုန်သည်အထိရောင်းအားကောင်းခဲ့ပါတယ်။

ထီရောင်းရငွေရဲ့ ၃၀ရာခိုင်နှုန်းကိုသာ ဆုကြေးငွေအဖြစ် သတ်မှတ်ထားတဲ့ နွေဦးထီကို ကံစမ်းလိုသည်ထက် လှူဒါန်းလိုသူတွေကို ဝယ်ယူခဲ့ကြတာပဲဖြစ်ပါတယ်။

ကံထူးရှင်တွေကို နွေဦးထီရဲ့ အေးဂျင့်တွေကနေတဆင့် အကြောင်းကြားဆက်သွယ်ပေးမယ်လို့ နွေဦးထီ မိသားစုက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် page chat botမှာလည်း ကိုယ်တိုင် ဝင်ရောက်ထီတိုက်နိုင်တယ်လို့ သိရပါတယ်။

ဆုကြေးငွေ ပြန်လည်လှူဒါန်းဖို့ အဆိုပြုထားတဲ့ ကံထူးရှင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဂုဏ်ပြုလွှာတွေ ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။