ပျဉ်ထောင်ရွာကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦးကို သတ်ဖြတ်

၁၊ အောက်တိုဘာလ၊ ၂၀၂၁။​​

ခင်ဦးမြို့နယ် ပျဉ်ထောင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီးပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

အောက်တိုဘာလ ၁ရက်နေ့ မနက်အစောပိုင်းမှာ စစ်အုပ်စု ပျဉ်ထောင်ရွာကို ကားတွေဆိုင်ကယ်တွေနဲ့ စစ်ကြောင်းနှစ်ခုခွဲဝင်ရောက်ခဲ့ပြီး နေအိမ်အချို့ကို မီးရှို့ကာ ပြည်သူ ၅၀ထက်မနည်းကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖုန်းသတင်းပဲရသေးတယ် ဘာဖြစ်နေတယ် သေချာမသိသေးဘူး၊ အကုန်ထွက်ပြေးနေကြရတာ၊ ရွာထဲကို ဝင်စီးတာ အိမ်တစ်လုံးကို မီးရှို့လိုက်တယ် ကလေးတစ်ယောက်နဲ့ ယောင်္ကျားတစ်ယောက်ကို ပစ်သတ်လိုက်တယ်၊ ဖမ်းထားတာလဲ အများကြီးပဲလို့ ကြားတယ်၊ ခင်ဦး-ရေဦးကားလမ်းပေါ်မှာလဲ အသားကုန်ပိတ်ပြီးတော့ စစ်နေတယ်”လို့ ခင်ဦးမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အင်အားအလုံးအရင်းနဲ့ ကျေးရွာတွေကို လိုက်လံရှာဖွေ ရှာဖွေဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။