ရတခတိုင်းမှူးလုံခြုံရေးယာဉ်တန်း အတိုက်ခံရ

၁၊ အောက်တိုဘာလ၊ ၂၀၂၁။

အရှေ့တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူးရဲ့ လုံခြုံရေးယာဉ်တန်းကို ခွဲထွက် DKBAက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ၄ဦးသေဆုံးပြီး G1အဆင့်ရှိ အရာရှိတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁ရက်နေ့ မနက်ပိုင်းမှာ ကော့ကရိတ်မြို့ကနေ မြဝတီမြို့ကို ထွက်လာတဲ့ ရတခတိုင်းမှူးရဲ့ ယာဉ်တန်းကို ဗိုလ်ကျော်သက်ဦးဆောင်တဲ့ ခွဲထွက် DKBAက ကြားဖြတ်တိုက်ခိုက်ရာမှာ လုံခြုံရေးယူလိုက်ပါလာတဲ့ မော်တော်ယာဉ်တွေကို ထိခိုက်သွားတာဖြစ်တယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရပါတယ်။

“တိုင်းမှူးက မြဝတီတက်တာလို့ပြောတယ်။ အဲ့ဒါ လုံခြုံရေးယူတဲ့လမ်းကြောင်းအဖွဲ့က အနောက်မှာပေါ့နော်။ ကျိုက်ဒုံလမ်းဆုံမှာ ကြားဖြတ်တိုက်ခိုက်ခံရတာ။ စစ်ကောင်စီဘက်က ၄ ဦးသေတယ်။ G1 အဆင့်တစ်ဦး ဒဏ်ရာရတယ်” လို့ မြေပြင်သတင်းပေးပို့ချက်ကနေ သိရပါတယ်။

လုံခြုံရေးယာဉ်တန်းအတိုက်ခံရပြီးနောက် စစ်အုပ်စုဟာ အာရှလမ်းဝန်းကျင်တစ်ဝိုက်မှာ လုံခြုံရေး ယူထားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Credit- Klo FM