အာဏာသိမ်းကာလ၈လအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်သူ ၂သန်းတိုးလာ

၁၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းကာလ၈လတာအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူ ၂သန်းတိုး လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလအဆင့်မြင့်အရာရှိကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးလည်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိ နှိုင်းရေးမှူးလည်းဖြစ်တဲ့ Andrew Kirkwoodဟာ စက်တင်ဘာ၃၀ရက်က နယူးယောက်မြို့၊ကုလသမဂ္ဂရုံး ချုပ်မှာအွန်လိုင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မြန်မာ့ဆင်းရဲမှုပြဿနာကို ပြေကြားခဲ့တာပါ။

‘မြန်မာနိုင်ငံရဲ့ အကူအညီလိုအပ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ‘အခုလောက်ဆိုးတဲ့အခြေအနေမျိုး အရင်က မကြုံခဲ့ဖူးပါဘူး။ဒီထက်ပိုဆိုးလာမှာကိုလည်း စိုးရိမ်ရပါတယ်’လို့ သူကပြောပါတယ်။

အရင်က စာနာမှုအကူအညီလိုအပ်သူ တစ်သန်းသာရှိခဲ့ရာက စစ်အာဏာသိမ်းတာကို ဆန့်ကျင်မှုတွေနဲ့အတူ နောက်ဆက်တွဲမတည်မငြိမ်အခြေအနေတွေကြောင့် အကူအညီလိုအပ်သူ ၃သန်းဖြစ်လာတယ်လို့ သိရပါတယ်။

‘နောက်ထပ်သန်း၂၀လောက်ဟာလည်းဆင်းရဲမွဲတေမှုအဆင့် သတ်မှတ်ချက်အောက်မှာရှိနေပါတယ်။လူဦးရေ တစ်ဝက်လောက် ဆင်းရဲမှုနဲ့ရင်ဆိုင်နေရတဲ့အခြေအနေမျိုးကို အနည်းဆုံးလွန်ခဲ့တဲ့အနှစ်၂၀မှာ မတွေ့ခဲ့ဖူး ဘူး’လို့ သူကဆက်ပြောပါတယ်။

စာနာမှုအကူအညီလိုအပ်နေသူ၃သန်းလောက်ကိုအကူအညီပေးနိုင်ဖို့အတွက် ဒီနှစ်မှာ ၇န်ပုံငွေကန်‌ဒေါ်လာ ၃၈၅သန်းလိုအပ်နေပေမဲ့ အခုချိန်ထိ သုံးပုံတစ်ပုံသာရပါသေးတယ်။

အကူအညီလိုအပ်ချက်ကြီးကြီးမားမားရှိနေချိန်မှာ ကုလအဖွဲ့အစည်းတွေအပါအဝင် စာနာမှုအကူအညီပေးတဲ့လူ တွေကို နိုင်ငံရေးအမြင်နဲ့ မကြည့်ကြဖို့လည်း Andrew Kirkwood ကတိုက်တွန်းပါတယ်။

‘မြန်မာပြည်သူတွေကို ကူညီတဲ့နေရာမှာသေချာပေါက် ဘက်လိုက်မှာ မဟုတ်ပါဘူး’လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက်၈လကြာလာတဲ့အချိန်မှာ နိုင်ငံရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းတွေဟာ စိုးရိမ်စရာကောင်းလောက်အောင် ကြီးထွားလာနေတယ်လို့လည်းဆိုပါတယ်။

Andrew Kirkwoodဟာ မြန်မာနိုင်ငံမှာတာဝန်ယူခဲ့တဲ့ကာလ ၁၀နှစ်ကျော်ပြီဖြစ်ပြီး လက်ရှိအခြေအနေဟာအဆိုး ဆုံးလို့ ကောက်ချက်ချပါတယ်။

 

 

Delta News Agency

Read Previous

နွေဦးထီ ဖွင့်ပြီ

Read Next

တိုင်ဖွန်းမုန်တိုင်းချဉ်းကပ်လာလို့ တိုကျိုမှာ လေကြောင်းခရီးစဥ် ၃၅၀ ကျော် ဖျက်သိမ်း