စက်သုံးဆီ ပြတ်လပ်သွားပြီး မြောင်းမြက ဆီဆိုင်အချို့ ပိတ်လိုက်ရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

မြောင်းမြမြို့က စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်သွားပြီး ဆီဆိုင်အချို့ ယာယီပိတ်ထားလိုက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဆီကုန်သွားလို့ ပိတ်ထားတာ မဖြစ်နိုင်ဘူး၊ မနက်ထဲက ပိတ်ထားတာ ဆီကုန်နေတယ်လို့ အကြောင်းပြပြီးတော့ ဘုရားချောင်းအဆင်းကဆိုင်ရော ပတ်လမ်းကဆိုင်တချို့ရော ပိတ်ထားတယ်၊ ကားကြီးတွေကိုပါ မရောင်းတာ၊ လမ်းဘေးဆိုင်သေးသေးလေးတွေလဲ ကြောက်ပြီး မရောင်းရဲဘူး၊ အဓိက စျေးကို မမှန်းရဲလို့ဖြစ်ကုန်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေါ်လာစျေးနှုန်းအပြောင်းအလဲတွေကြောင့် စက်သုံးဆီစျေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး ကုန်ကားတွေကို အချိုးကျ စနစ်နဲ့သာ အနည်းငယ်ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မနက်က ဂိတ်ထိုးဖို့ ဆီသွားထည့်တော့စျေးတမျိုး၊ နေ့လည် ကယ်ရီရတော့ သွားပို့ပြီး အပြန်ဆီဝင်ထည့်တော့ စျေးတမျိုးဖြစ်ကုန်တယ်၊ ဆိုင်ကြီးတွေမှာဖြစ်တာဆိုတော့ ရပ်ကွက်ထဲက ဆိုင်လေးတွေမှာ လိုက်ထည့်တာ၊ ဒီနေ့ကျတော့ ရပ်ကွက်ထဲက ဆိုင်လေးတွေပါ ပိတ်ထားကြတယ်၊ စျေးက အချိန်နဲ့တက်နေတော့ သူတို့လည်း ရောင်းလိုက်ပြန်ဝယ်လိုက်နဲ့ ရှုံးနေလို့တဲ့၊ ကုန်ကားကြီးတွေကတော့ သူဌေးအချင်းချင်းရင်းနှီးတော့ နည်းနည်းစီနဲ့ ရောင်းပေးနေတာတွေ့တယ်”လို့ ဒေသခံ ဆိုက်ကယ်ကယ်ရီသမားတစ်ဦးကပြောပါတယ်။

ဒေါ်လာစျေးနှုန်းဟာ စံချိန်တင် မြင့်တက်မှုတွေကြုံတွေ့ရပြီးနောက်မှာ စားသုံးကုန်စျေးနှုန်းတွေဟာ အလွန်အကျွံ့မြင့်တက်လာနေခဲ့ပါတယ်။