ရေကြီးမှုဘေးအန္တရာယ်ဟာ ထိုင်းနိုင်ငံအတွက် အဓိက ပြဿနာဖြစ်လာ 

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုင်းင်ငံမှာ မိုးအလွန်ကြီးခဲ့တာကြောင့် ဒေသတော်တော်များများမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာနေရသူတွေ များပြားလာခဲ့ပါတယ်။

လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ ရေလွှမ်းမှုအန္တရာယ်အတွက် မနေ့က သတိပေးချက်တွေ ထပ်မံထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၇ ဦးအထိ သေဆုံးခဲ့ပြီလို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

တီအန်မူလို့ ခေါ်တဲ့ အပူပိုင်းမုန်တိုင်းကြောင့် နိုင်ငံအတွင်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်မှာ ရေကြီးမှုကြောင့် လူတစ်ဦးပျောက်ဆုံးနေကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်တားဆီးရေး ဦးစီးဌာနက ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသမှာရှိတဲ့ စီရင်စု ၃၀ လောက်က အိမ်ထောင်စု တစ်သိန်းနှစ်သောင်းခွဲကျော်ဟာ သဘာဝဘေးအန္တရာယ် ထိခိုက်မှုတွေကြုံတွေ့ခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။

မြို့တော် ဘန်ကောက်ဟာ သတိပေးချက် ထုတ်ပြန်ထားတဲ့ မြို့တွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး အဲ့ဒီက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဝင်ပေါက်တွေမှာ သဲအိတ်တွေ စုပုံပြီး ရေဘေးအတွက် ကာကွယ်ဖို့ ပြုလုပ်နေကြပါတယ်။

ဘန်ကောက်အစိုးရအာဏာပိုင်တွေကတော့ နိုင်ငံတဝှမ်း မိုးကြီးမှုဟာ လာမယ့် စက်တင်ဘာ ၃၀ နေ့လောက်ထိ ဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

မိုးရာသီရောက်တိုင်း ထိုင်းနိုင်ငံက ကျေးလက်အတော်တော်များများနဲ့ မြို့တွေဟာ မုန်တိုင်းဒဏ်နဲ့ ရေဘေးဒဏ်ကို ခံရလေ့ရှိပေမယ့် ဘန်ကောက်မြို့ကတော့ အဓိက ရေနစ်မြုပ်တဲ့အထဲ မပါဝင်ခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာဖြစ်ခဲ့တဲ့ ရေလွှမ်းမိုးမှုမှာတော့ ထိုင်းနိုင်ငံဟာ ရာစုနှစ်ဝက်အတွင်း နိုင်ငံရဲ့ အဆိုးဆုံး သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံ ပမာဏလောက် စီးပွားရေးထိခိုက်ဆုံးရှုံးမှုနဲ့ ကြုံတွေခဲ့ရပြီး အနည်းဆုံး လူခြောက်ရာလောက် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ မုန်တိုင်းအန္တရာယ်ဟာလည်း စိတ်ချရတဲ့ အခြေနေမှာ မရှိသေးသလို လာမယ့် အောက်တိုဘာလ ၈ ရက်နဲ့ ၉ ရက်တွေမှာလည်း နောက်ထပ် မုန်တိုင်းတွေ ဝင်ရောက်နိုင်ချေရှိတယ်လို့ ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။