လှိုင်မြို့နယ်က ဒလန်ချဲဒိုင် လင်မယား သေနတ်နဲ့အပစ်ခံရပြီး တစ်ဦးသေ

၂၉၊ ဩဂုတ်လ ၊ ၂၀၂၁။

လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်မှာ လောင်းကစားဒိုင်လုပ်ပြီး ဒလန်လုပ်နေသူ ဦးတင်လှိုင်ဟာ ဒီကနေ့ ဩဂုတ်လ ၂၉ရက်နေ့ မနက် ၆နာရီ ၃၀မိနစ်ဝန်းကျင်ခန့်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ဦးတင်လှိုင်နဲ့သူ့ဇနီးဖြစ်သူဟာ ရန်ကုန် အင်းစိန် လမ်းမနဲ့ ဘူတာရုံလမ်းဆုံ မီးပွိုင့်မှာ မီးပွိုင့်မိလို့ ခတ္တကားရပ်နေစဉ်မှာ ဘေးက ကားတစ်စင်းကနေ အနီးကပ် သေနတ်နဲ့ လှမ်းပစ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးသွားခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူလည်း အနည်းငယ် ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

“သူက သူ့ကိုယ်သူ လမ်းထဲမှာ အုပ်ကြီးပဲ ချဲရောင်းတော့ ဟိုကောင်တွေနဲ့ အဆက်အသွယ်ရှိတယ်၊ အဲ့ဒါကနေ သတင်းပေး ဒလန်လုပ်နေတာ၊ သူ့ကို ရပ်ကွက်ထဲ မုန်းနေသူတွေ များတယ်၊ မနက်က သူတို့ကားနဲ့ အပြင်ထွက်သွားပြီး ကားက မီးပွိုင့်မိနေချိန်မှာ အခုလို ပစ်သွားတာလို့ ကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အင်းစိန်လမ်းမနဲ့ ဘူတာရုံလမ်းကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။