စစ်အုပ်စုသီးသန့်သုံး လျှပ်စစ်တာဝါတိုင် နှစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဖယ်ခုံ PDFထုတ်ပြန်

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

ကယားပြည်နယ်မှာရှိတဲ့ လောပိတရေအားလျှပ်စစ်ဓာတ်အားပေးဓာတ်ရုံကနေ နေပြည်တော်ကို သွယ် တန်းထားတဲ့ စစ်အုပ်စုသီးသန့်သုံး မဟာဓာတ်အားလိုင်းက တာဝါတိုင် ၂ခုကို ဩဂုတ် ၁၂ရက်မှာ မိုင်း ခွဲဖျက်ဆီးဖြိုချခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်ကြေညာပါတယ်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အကြား လွယ်ဟဲကျေးရွာအနီးမှာရှိတဲ့ လျှပ်စစ်တာဝါတိုင် ၂ခုကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ လောပိတကနေ နေပြည်တော်၊ လောပိတကနေ မန္တလေးကို သွယ်တန်း ထားရှိတဲ့ မဟာဓာတ်အားလိုင်း ၂ခုအနက် ပြည်သူလူထုများ သုံးစွဲခြင်းမရှိတဲ့ နေပြည်တော် စစ်အုပ်စုသီးသန့်သုံးလိုင်းက တာဝါတိုင်ကိုသာ ဖျက်စီးခဲ့တာလို့ ထုတ်ပြန်ခဲ့တာပါ။

မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်တွေရှိရာ လွယ်ဟွဲကျေးရွာဘက်ကို စစ်အုပ်စုနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်တွေက ဩဂုတ် ၁၄ရက်မှာ ချီတက်လာလို့ လွယ်ဟွဲကျေးရွာနဲ့ ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဖယ်ခုံ PDFက ဆိုပါတယ်။

စစ်အုပ်စုတပ်တွေဟာ ပင်ပုံကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့သလို ခြေလျင်စစ်ကြောင်းနဲ့ ချီတက်တာလည်းရှိတယ်လို့ သိရပါတယ်။ ဒီလို ချီတက်လာရာမှာ ဖယ်ခုံ PDFတွေ ထောင်ထားတဲ့ မိုင်း ၅လုံးထက်မနည်းနင်းမိလို့ စစ်အုပ်စု နဲ့ PNO တပ်သားတွေ အများအပြား သေဆုံးဒဏ်ရာရကာ PDF တပ်ဖွဲ့ဝင် ၂ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဟာ ဩဂုတ် ၁၅ရက်မှာ ဆက်လက်ဖြစ်ပွားခဲ့ပြီးတော့ စစ်အုပ်စုဘက်က ထပ်မံ သေဆုံးတာတွေရှိသလို PDF ဘက်က ၁ဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။ လွိုင်ကော်ဘက်ကနေ စစ်ယာဉ် ၃၈ စီး အင်အား ၄၀၀ ကျော်နဲ့ စစ်ကူလာတာကို ဖယ်ခုံနဲ့ မိုးဗြဲ PDF တွေက ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်တွေကို ခုခံတိုက်ခိုက်ရာမှာ ဖယ်ခုံ PDFနဲ့အတူ ဒီးမော့ဆိုနဲ့ မိုးဗြဲ PDFတွေအပြင် ကရင်နီပြည်တပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ မိုင်းခွဲဖျက်ဆီးခံထားရတဲ့ လျှပ်စစ်တာဝါတိုင်အနီးက တောင်ကုန်းတွေနဲ့ လွယ်ဟွဲ့ကျေးရွာ၊ ပင်ပုံကျေးရွာတွေမှာ စစ်အုပ်စုုက တပ်စွဲထားတာကြောင့် စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ ဖယ်ခုံ PDFက ထုတ်ပြန်ပါတယ်။