ဖရူဆိုမှာပြည်သူ၃၅ဦးကို အကြမ်းဖက်စစ်တပ် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှု ကရင်နီနယ်ခြားစောင့်တပ် ရှုံ့ချ

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကယားပြည်နယ်၊ဖရူဆိုမြို့နယ်အတွင်းအကြမ်းဖက်စစ်အုပ်စုက ပြည်သူ၃၅ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့မှုအပေါ်အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက် ရေးတပ်ဦးက ဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဖရူဆိုမြို့နယ် မူဆိုကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (နယ်ခြားစောင့်တပ်ရင်း ၁၀၀၄) တပ်ဖွဲ့ဝင် ၄ဦးကို ကြိုးတုတ်ကာ ခေါင်းကိုတေ့ပီး ပစ်သတ်ခဲ့ပြီး ပြည်သူ ၃၅ဦးကိုပါ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး BGF ၁၀၀၄က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၂၄ရက်နေ့က မူဆိုကျေးရွာက ဒေသခံပြည်သူ ၃၅ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားမှုအပေါ် ဒေသခံပြည်သူတွေက နယ်ခြားစောင့်တပ်ကို အကူညီတောင်းခံမှုကြောင့် ပြန်လည်လွှတ်ပေးဖို့ သွားရောက်အကူညီတောင်းခံစဉ် စစ်အုပ်စုက နယ်ခြားစောင့်တပ်ဖွဲ့ ၄ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ပြည်သူ ၃၅ဦးကိုပါ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးဟာ ၁၉၉၄ခုနှစ် မေလ ၉ရက်နေ့မှာ အပစ်အခတ်ရပ်ဆဲရေးသဘောတူညီချက်အရ ငြိမ်းချမ်းရေးရယူခဲ့ပြီး ၂၀၀၉ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှာ နယ်ခြားစောင့်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နယ်ခြားစောင့်တပ်ရင်းက တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ခဲ့မှုနဲ့ ပက်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ဒီဖြစ်စဉ်က နမူနာပဲ။ ဒါကို ကရင်ပြည်နယ်နဲ့ အခြားပြည်နယ်တွေက နယ်ခြားစောင့်တပ်တွေလည်း ဒါကိုနမူနာယူသင့်တယ်၊ စစ်ကောင်စီဟာ သူတို့လိုချင်တာ ဖြစ်ချင်တာပဲသိတယ်၊ သူတို့မှာ တကယ့်မဟာမိတ်ဆိုတာ မရှိဘူး၊ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းရင်းသားတွေအချင်းချင်းပဲ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပြီး ဒီမိစ္ဆာတွေကို ရှင်းရမဲ့အချိန်မှာ သူတို့နဲ့ပေါင်းမနေတော့ဖို့ လိုအပ်နေပြီ”လို့ ပြောပါတယ်။