မြန်မာစစ်ဘေးသင့်တွေအတွက် ရိက္ခာနဲ့ဆေးဝါးပြင်ထားဖို့ ထိုင်းဝန်ကြီးချုပ်ညွှန်ကြားထား

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ထိုင်းနိုင်ငံဘက် တိမ်းရှောင်လာတဲ့မြန်မာစစ်ဘေးသင့်တွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေပြင်ဆင်ထားကြဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ဘန်ကောက်စ်ပို့စ်ကဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ဒီဇင်ဘာ၂၄ရက်နေ့က ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ထိုင်းဘက်ခြမ်းမဲဆောက်ကို ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်း သောင်းနဲ့ချီ ရှိနေပြီဖြစ်ပေမယ့်အခြေအနေ တည်ငြိမ်သွားတဲ့အခါ မြန်မာဘက်ကို ပြန်ကြဖို့ လိုအပ်တာကြောင့် သူတို့အတွက် ဒုက္ခသည်စခန်းအသစ် တည်ဆောက်ဖို့ မရှိဘူးလို့ ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။

မြန်မာစစ်ဘေးသင့်အားလုံးကို လူသားချင်းစာနာထောက်ထားကြောင်းပြသတဲ့အနေနဲ့ လိုအပ်တဲ့ အကူအညီတွေပေးသွားမယ်လို့ထိုင်းဝန်ကြီးချုပ် ကပြောကြောင်းသိရပါတယ်။

ဒီနေ့မနက်၁၀နာရီခွဲကျော်ကစပြီး လေးကေ့ကော်နဲ့မျက်နှာချင်းဆိုင်ကမယ်ဝါးခီးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ရုံတင်မက စစ်ရဟတ်ယာဉ်နဲ့ပါပစ်ခတ်ကာ စစ်ကြောင်း ထိုးခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းဒါ့ကြောင့် ထိုင်းဘက်ခြမ်းကို တိမ်းရှောင်သူတွေ ထပ်များလာနိုင်ကြောင်း မဲဆောက်အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

‘ဒီနေ့တော်တော်ဆိုးပါတယ်။စစ်ရှောင်တချို့က ပြီးခဲ့တဲ့သုံး၊လေးရက်က တိုက်ပွဲမရှိတော့ ကိုယ့်ရွာကိုယ်ပြန် ကြတာတွေရှိတယ်။အခုမယ်ဝါးခီးရွာထဲကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာဆိုတော့ အထိအခိုက်တွေလည်း ရှိမယ်ထင်တယ်။အခုမယ်ဝါးခီးကနေ ဖလူးကို ပြေးကြရပြန်တယ်’လို့ သူကပြောပါ တယ်။