ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် နောက်နှစ်မှာ ပြန်သတ်မှတ်မယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

မေ၊ ၉

ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းထဲ လာမယ့်နှစ်ကစလို့ ပြန်လည် ထည့်သွင်း သတ်မှတ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒါဟာ ထိုင်းအနေနဲ့ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားမှုကနေ ပယ်ဖျက်ပြီး စိတ်အပန်းဖြေဖို့ အသုံးပြုခွင့် ပေးလိုက်တဲ့ ပထမဆုံး အာရှနိုင်ငံအဖြစ် မှတ်တမ်းရေးထိုးပြီးတဲ့နောက် ၂ နှစ်အကြာမှာ နောက်ကြောင်းပြန်လှည့်တဲ့ ခြေလှမ်းတခု ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြည်တွင်းမှာ ဆေးခြောက် ရောင်းချနှုန်းက သိသိသာသာ မြင့်တက်လာသလို ဆေးခြောက် အရောင်းဆိုင်တွေလည်း သောင်းဂဏန်းလောက်ထိ ဖွင့်လှစ် လည်ပတ်လာကြပါတယ်။ ဆေးခြောက် ရောင်းချတဲ့ လုပ်ငန်းတွေရဲ့ တန်ဖိုးဟာ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၁.၂ ဘီလီယံလောက်ထိ မြင့်တက်လာမယ်လို့တောင် ခန့်မှန်းထားပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကတော့ ဆေးခြောက်ကို စိတ်အပန်းဖြေဖို့ ခွင့်ပြုထားတဲ့ ဥပဒေကို ပြင်ဆင်စေပြီး မူးယစ်ဆေး စာရင်းထဲ ပြန်လည် ထည့်သွင်းဖို့ လုပ်ထုံးလုပ်နည်းတွေ စတင်နိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

 ဆေးခြောက်ကို ကျန်းမာရေးနဲ့ ဆေးဝါးကဏ္ဍအတွက်သာ အသုံးပြုခွင့် ပေးရမယ်ဆိုတဲ့ ဥပဒေမျိုး ပြန်လည် ပြင်ဆင်နိုင်ရေး ဝန်ကြီးဌာနက အမြန်ဆုံး စီစဉ် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ဆရက်သာ ဆိုပါတယ်။

ထိုင်းရဲ့ အရင်အစိုးရဟာ ဆေးခြောက်ကို ဆေးဖြစ်ဝါးဖြစ် အသုံးပြုဖို့ ၂၀၁၈ မှာ ဥပဒေ လျှော့ပေါ့ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ စိတ်အပန်းဖြေဖို့ပါ သုံးစွဲခွင့် ပြုခဲ့တာပါ။ ဒါပေမဲ့လည်း ဥပဒေ ကျွမ်းကျင်သူတွေကတော့ အဲဒီ ဖြေလျှော့မှုတွေဟာ ဖြစ်ကတတ်ဆန်း နိုင်လွန်းပြီး ဥပဒေကြောင်း ကိုင်တွယ် သတ်မှတ်ချက်တွေကို စနစ်တကျ၊ တိတိကျကျ ပြဋ္ဌာန်းမထားဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

ဆရက်သာက ထိုင်းလူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ အကြောင်းတရားတွေထဲမှာ မူးယစ်ဆေးလည်း ပါဝင်နေပြီး ထိထိရောက်ရောက် ကိုင်တွယ်မှုတွေ ရှိသင့်တယ်လို့ ပြောပါတယ်။ ပြည်တွင်းမှာ မူးယစ်ဆေး စွဲနေတဲ့ လူငယ်တွေ အများအပြား ရှိကြောင်း၊ ဒီကိစ္စကို နှောင့်နှေးမနေဘဲ တုံ့ပြန်ကိုင်တွယ်မှုတွေ အရှိန်မြှင့်ရမှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေကို ဖမ်းဆီးတာ၊ မူးယစ်ဆေးဖြတ် ကုသမှုတွေကို ပိုမို လိုအပ်နေကြောင်းလည်း ဝန်ကြီးချုပ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။ 

Ref: CNA