ဒေါ်အောင်ဆန်းစုကြည်ဆီ ဗီဒီယိုဖုန်းခေါ်ခွင့်ပေးဖို့ ဟွန်ဆန်းရဲ့ တောင်းဆိုမှုကို အာဏာသိမ်းစစ်တပ် ပယ်ချ

မေ၊ ၉

အကျဉ်းချ ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယို ဖုန်းခေါ်ဆို ဆွေးနွေးခွင့်ပြုဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းရဲ့ တောင်းဆိုမှုကို အာဏာသိမ်း မြန်မာစစ်တပ်က ပယ်ချလိုက်ပါတယ်။

 ကမ္ဘောဒီးယားကို ဆယ်စုနှစ် ၄ ခုလောက် အုပ်စိုးခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်မှာ သားဖြစ်သူဆီ အရိုက်အရာ လွှဲပေးပြီး ဝန်ကြီးချုပ် အဖြစ်ကနေ အနားယူသွားတဲ့ ဟွန်ဆန်းက သူဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့ချိန် အတောအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယို ဖုန်းခေါ်ဆိုခွင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း မေလ ၇ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။

 အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီးချိန် ကတည်းက ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံခွင့် တောင်းမှုတွေကို စစ်တပ်က အကြိမ်ကြိမ် ငြင်းခဲ့ဖူးပါတယ်။ ဒီမိုကရေစီ အရပ်သား အစိုးရကို ဦးဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျန်းမာရေး ချွတ်ယွင်းမှုတွေ ရှိလာကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

 မေလ ၈ ရက်နေ့မှာတော့ အာဏာသိမ်း စစ်တပ်က ဟွန်ဆန်းရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့တယ်ဆိုတာ အတည်ပြု ကြေညာခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာတော့ အဲဒီလို ကိစ္စမျိုးကို အကောင်အထည်ဖော် စီစဉ်ပေးစရာ အကြောင်းမရှိသေးဘူးလို့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းက အသံဖိုင်တခု ထုတ်ပြန်သွားပါတယ်။

 ဒါ့အပြင် စစ်တပ်ဟာ ရွေးကောက်ပွဲတွေ စီစဉ် ကျင်းပရေးကိုလည်း အတတ်နိုင်ဆုံး နှောင့်နှေးမှု မရှိအောင် ကြိုးစား ဆောင်ရွက်နေတယ်လို့ ဇော်မင်းထွန်းက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။  

 ဒေါ်အောင်ဆန်းစုကြည်ဟာ အထိန်းသိမ်းခံ ကာလအတွင်း နိုင်ငံခြား သံအရာရှိတွေနဲ့ ဆွေးနွေးခဲ့တာဆိုလို့ ၂၀၂၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်နဲ့ တနာရီကြာ တွေ့ဆုံခဲ့မှု တခုကိုသာ အတည်ပြုနိုင်ပါတယ်။

 စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အစိုးရ ခေါင်းဆောင်တွေကို မတရား အမှုဆင်ထားတဲ့ စွဲချက်တွေတင်ပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

Ref: Straits Times