ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လုပ်ဆောင်မှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ထွက်ဆို

Photo- AFP
ဒီကနေ့ စစ်ဆေးတဲ့ တရားရုံးမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တွေနဲ့ မသက်ဆိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုသွားတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သတ်ပြီး အာဏာသိမ်းစစ်အုပ်စုက စွပ်စွဲထားတဲ့ အမှုတွေကို နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးမှာ ဒီကနေ့ ဇူလိုင်လ ၁၁ရက်နေ့မှာ စစ်ဆေးနေတာ ဖြစ်ပါတယ်။
တရားရုံးသတင်းရင်းမြစ်တစ်ဦးက “အန်တီ(ဒေါ်အောင်ဆန်းစုကြည်)က ဒေါ်ခင်ကြည်ဖောင်ဒေရှင်းက ဆောင်ရွက်တဲ့ကိစ္စတွေဟာ သူနဲ့ မဆိုင်တဲ့အတွက် မဆိုင်တဲ့အကြောင်းကိုပဲ ထွက်ဆိုသွားတာပါ” လို့ ပြောပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနဲ့သက်ဆိုင်တဲ့ နောက်ထပ်အမှုနဲ့ ပတ်သတ်ပြီး နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးကိုလည်း အပြန် အလှန်စစ်မေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာရယူခြင်း ၊ အဆောက်အဦးတည်ဆောက်ခြင်းနဲ့ ရန်ပုံငွေကိစ္စတွေကို အကြောင်းပြကာ စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြားဆက်စပ် တာဝန်ရှိသူတွေကို အဂတိအမှု ၄ မှုအထိ အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။
အဲဒီအမှု ၄ ခုလုံးအတွက် အပြီးသတ် လျောက်လဲချက်တွေ လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြီးသတ် လျောက်လဲချက်ပေးဖို့ တရားရုံးက ဆုံးဖြတ်ချက် ချလိုက်တယ်လို့ ဆိုပါတယ်။