PDF တွေကို live လွင့်ပြီး စိန်ခေါ်ခဲ့ဖူးတဲ့ လင်ဖြစ်သူနဲ့ဇနီး လဘ္ဘက်ရည်ဆိုင်မှာ ပစ်သတ်ခံရ

ဇူလိုင် ၁၁ ရက်နေ့ ဒီနေ့ ၁၂ နာရီ ဝန်းကျင်လောက်မှာ ကလေးမြို့၊ ပင်လုံလမ်းမတော်ဘေးက ရနံ့သစ်လဘ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ လင်မယားနှစ်ယောက်ကို လက်နက်ကိုင်တချို့ သေနတ်နဲ့ လာပစ်သွားတဲ့အတွက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ကလေးမြို့သူတဦးက DNA ကိုပြောပါတယ်။
“ကျမတို့လည်း ထမင်းစားနေကြတုန်းကြီး။ သေနတ်သံ လေးငါးခြောက်ချက်လောက်ကြားလိုက်ရတာ။ ထမင်းစားရင်းတန်းလန်းနဲ့ အပြင်ထွက်ပြီးကြည့်တော့မှ ရနံ့သစ်လ္ဘက်ရည်ဆိုင်မှာ လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ခေါင်းကိုပစ်သတ်သွားတယ်လို့သိရတာ”လို့ ဆိုပါတယ်။
လာရောက်ပစ်ခတ်သူတွေဟာ ဆိုင်ကအထွက်မှာ ဒလံတွေ သတိထား ယူဂျီတွေမြို့ထဲဝင်လာပြီလို့လည်း ကြွေးကြော်သွားတယ်လို့ သိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ စိန်လင်း နဲ့ သူ့ဇနီး ဖြစ်တယ်လို့သိရပြီး စိန်လင်းဟာ facebook ပေါ်မှာ Live လွင့်ပြီး PDF တွေကို စိန်ခေါ်ခဲ့ဖူးတယ်လို့ မြို့ခံတစ်ချို့က ပြောပါတယ်။
စိန်လင်းဟာ အဏာသိမ်းခါစ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက ဆန္ဒပြသူတွေရဲ့ သတင်းအချက်အလက်တွေ စစ်တပ်ကို ပေးတယ်ဆိုပြီး သူနေထိုင်တဲ့ ကလေးမြို့အောင်မဂ်လာရပ်ကွက်ကနေ ပြည်သူတွေရဲ့ နှင်ထုတ်ခြင်းကိုခံခဲ့ရဖူးတယ်လို့ ကလေးမြို့ခံတဦးကပြောပါတယ်။
“သူကရပ်ကွက်ထဲမှာအိမ်ငှားနေတာ။ ဆန္ဒတွေစပြကြတော့ သူကစစ်တပ်ကိုသတင်းပေးတာ။ အဲဒီတော့အိမ်ရှင်ကလည်း မငှားတော့ဘူး။ ရပ်ကွက်ကလည်းလက်မခံဘူးဆိုပြီး သူတို့မိသားစုနဲ့ပစ္စည်းတွေကို ကားနဲ့သယ်ပြီး မြို့ပြင်မှာချထားခဲ့ကြတာ။ အဲဒီမှာ စစ်တပ်ကသူ့ကိုလာခေါ်သွားတယ်” လို့ ပြီးခဲ့တဲ့နှစ်ကဖြစ်စဥ်ကို အောင်မဂ်လာရပ်ကွက်သူတစ်ဦးက ပြန်ပြောပြပါတယ်။
ညနေပိုင်းအထိ အခုလို ပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ကြေညာချက် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး ။ အခင်းဖြစ်ပွားပြီး မကြာခင်မှာ အကြမ်းဖက်စစ်အုပ်စု ရောက်လာပြီး အလောင်းသယ်ကာ ၊ စစ်ဆေးမှု တချို့လုပ်ဆောင်ခဲ့ပေမယ့် တဦးတယောက်ကိုမှ ဖမ်းဆီးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။