မုံရွာက PDFတပ်ဖွဲ့ဝင်ရုပ်အလောင်း ဓာတ်ပုံသုံးပြီး ရေးဘီလူးကျဆုံးပြီလို့သတင်းမှားဖြန့်

 ဧပြီ ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ခေါင်းဆောင် ရေးဘီလူး(ခ) လှိုင်ဝင်း လုပ်ကြံခံရပြီး သေဆုံးသွားပြီဆိုကာ သေဆုံးနေတဲ့ PDF တပ်ဖွဲ့ဝင်တဦးရဲ့နာရေးဓါတ်ပုံနဲ့ သတင်း မှားတခု လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

လူမှုကွန်ယက် Facebook Account တခုဖြစ်တဲ့ Зай Яр Мио  ကနေ “ ရေးမြို့နယ်မှာ အဓိကလှုပ်ရှားနေ ပြီး အင်အား ၂၀၀ ခန့်ရှိ ရေးဘီလူးအဖွဲ့ ခေါင်းဆောင် ရေးဘီလူး(ခ)လှိုင်ဝင်းဟာ ဧပြီလ ၂၃ ရက်က အမည် မသိလူ ၃ ဦးလက်ချက်နဲ့သေဆုံးသွားတယ်၊ စခန်းဒုခေါင်းဆောင်နဲ့ လွန်ခဲ့တဲ့တပတ်က အလှူငွေကိစ္စ စကား များကြရာက အခုလိုလုပ်ကြံခြင်းဖြစ်နိုင်ပြီးတော့ သေဆုံးတာကို သတင်းဖုံးဖိဖို့ ကြိုးစားပေမဲ့ အလောင်းပုံ က လူမှုကွန်ယက်မှာ ပျံ့နှံ့လာတယ်လို့ ရေးသားဖြန့်ဝေထားတာကို တွေ့ရှိရပါတယ်။

အလားတူ စစ်ကောင်စီလော်ဘီ Page တခုဖြစ်တဲ့ ပြည်ချစ်သား PCT News Web Page ကနေ “ ရေးဘီလူးဆီ ပြန်လည်လာတဲ့ ဝဋ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးဘီလူး လုပ်ကြံခံရပြီး သေဆုံးသွားလို့ ဖုံးဖိထား ပေမဲ့ အလောင်း ပုံလူမှုကွန်ယက်ပေါ်  ပျံ့နှံ့လာတယ်လို့ ရေးသားထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

 

စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ Snow Queen ကလည်း “ရေးဘီလူး ကျတာသတင်း အမှားလို့ပြောနေကြပေမယ့်၊ အတည်ပြုချင်တာကဘာလဲဆိုရင် ဘေးကထောင်ထားတာသူကိုင်တဲ့ သေနတ် ပဲ” လို့ ရေးသားထားတာကို    ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

DNA Fact Check Team ကနေ ဒီသတင်းကို စိစစ်ကြည့်တဲ့အခါမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က မုံရွာမြို့၊ ညောင်ပင်ဖြူရွာတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ Chindwin Attack Force က CDM စစ်သားရဲဘော် Jade ရဲ့ နာရေးဓါတ်ပုံကို အသုံးပြုပြီး လိမ်လည်ရေးသားထားတဲ့ သတင်းမှားဖြစ်တာကို တွေ့ရှိရပါတယ်။

ပုံမှားရိုက်အသုံးပြုထားတဲ့ ဓါတ်ပုံက ကျဆုံးရဲဘော် Jade (CDMစစ်သား) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် နေ့ မုံရွာမြို့၊ ညောင်ပင်ဖြူရွာတိုက်ပွဲမှာ ကျဆုံးကြောင်း Chindwin Attack Force ရဲ့ ထုတ်ပြန်ချက်ကို ဖတ်ရှုနိုင်ပါတယ်။

ရဲဘော် Jade ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းထဲက မန္တလေးလေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM ဝင်ပြီး မုံရွာခရိုင်တပ်ရင်း ၄ မှာ လေ့ကျင့်ရေးသင်တန်းမှူးအဖြစ်တာဝန်ထမ်းနေရင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှာ မုံရွာမြို့တောင်ပိုင်း၊ ညောင်ပင်ဖြူရွာတိုက်ပွဲမှာကျဆုံးခဲ့တာလို့ Myanmar Now ရေးသားထား တာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

မုံရွာခရိုင် PDF အမှတ်(၄)တပ်ရင်း Chindwin Attack Force ရဲ့ သင်တန်းမှူးလဲဖြစ်တဲ့ ရဲမင်းဦး(ခ)ရဲဘော် Jade(CDM စစ်သား)ဟာ မုံရွာမြို့နယ်၊ ညောင်ပင်ဖြူရွာတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ Burma Media Consortium – BMC က ရေးထားတာကို ဒီမှာ နဲ့ စစ်ကောင်စီတယ်လီဂရန် MT News ကရေးသားထား တာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ 

ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကိုယ်တိုင်ကလည်း သူသေဆုံးပြီဆိုတဲ့ သတင်းတွေဟာအမှားတွေဖြစ်ကြောင်း လူမှုကွန်ရက်ကနေ ကိုယ်တိုင်ရှင်းလင်းခဲ့သလို သတင်းဌာနတွေကိုလည်း လက်ခံဖြေကြားရှင်းလင်းနေတာ ရှိပါတယ်။

“ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းပြောပြ တင်ပြပေးနေပြီး ဖုန်းကွယ်ထား တာမျိုး မရှိပါဘူးဗျ၊ အားလုံးနွေးနွေးထွေးထွေးနဲ့ စစ်ရေးပုံမှန်ဖော်ဆောင်သွားပါမယ်ဗျ၊ ကျွန်တော့်အနေနဲ့ ပြည်သူလူထု စိတ်မကောင်း ဖြစ်နေတာ မြင်တွေ့ရလို့ ဗွီဒီယိုကလစ်နဲ့ရှင်းပြရတာမျိုး ရှိတယ်ဗျ၊ ကျွန်တော့် အတွက်က ဒီသတင်းမှားနဲ့ပတ်သက်ပြီး ဘာမှထူးထူးခြားခြားမရှိပါဘူး၊ ပုံမှန်ပါပဲ” လို့ ရေးဘီလူးက DNA ကို ပြောပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရပြီး သေဆုံးသွားပြီဆိုတဲ့ သတင်းမှားနဲ့ပတ်သက်လို့ ရေးဘီလူး ကိုယ်တိုင် ဗွီဒီယိုနဲ့ Live လွှင့်ပြောဆိုရှင်းလင်းထားတာကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။