ဘာကီနာဖာဆို စစ်တပ်ဟာ လူနှစ်ရာကျော်ကို တနေ့တည်းမှာတင် အစုလိုက် သတ်ဖြတ်ခဲ့တယ်လို့ HRWစွပ်စွဲ

ဧပြီ ၊ ၂၅

ဘာကီနာဖာဆို စစ်တပ်ဟာ တနေ့တည်းနဲ့တင် ကလေးတွေ အပါအဝင် အရပ်သား ၂၀၀ ကျော်ကို အစုလိုက် သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က စွပ်စွဲ ဖော်ပြလိုက်ပါတယ်။

 ဖေဖော်ဝါရီ လကုန်ပိုင်းက ဖြစ်ပွားတဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုမှာ ကလေး ၅၆ ဦးထက်မနည်း အပါအဝင် အရပ်သား ၂၂၃ ဦး သေဆုံးခဲ့ကြောင်း၊ နှစ်ပေါင်းများစွာအတွင်း ဘာကီနာဖာဆို လက်နက်ကိုင် တပ်ဖွဲ့တွေ ကျူးလွန်ခဲ့သမျှ လုပ်ရပ်တွေထဲမှာ ဒါဟာ အဆိုးတကာ့ အဆိုးဆုံးဖြစ်ကြောင်း HRWက ဆိုပါတယ်။

 ဘာကီနာဖာဆိုမှာ အာဏာသိမ်း စစ်တပ်က ဂျီဟတ်ဒ် အစွန်းရောက် ဝါဒစွဲ စစ်သွေးကြွတွေကို အပြင်းအထန် စစ်ဆင်တိုက်ခိုက်နေကြောင်း ကြေညာထားသလို ရုရှားတပ်တွေ အနောက်အာဖရိက ဒေသတွင်း နိုင်ငံမှာ ဖြန့်ကျက်ဖို့ စတင် ရောက်ရှိလာချိန်နဲ့ အခု သတ်ဖြတ်မှုတွေက တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။

 အခုလို အစုအပြုံလိုက် သတ်ဖြတ်မှုမျိုးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်နိုင်တယ်လို့ HRWက ပြောပါတယ်။ နောက်ပြီး ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ထောက်ခံတဲ့ စုံစမ်းစစ်ဆေးရေး မစ်ရှင်မျိုး စေလွှတ်ဖို့၊ ဘာကီနာဖာဆို အာဏာပိုင်တွေကလည်း စုံစမ်းမှုတွေမှာ ပူးပေါင်း ပါဝင်ဖို့ HRWက တိုက်တွန်းထားပါတယ်။

 HRWရဲ့ သုတေသီတွေက စုဆောင်းထားတဲ့ အထောက်အထားတွေ၊ မျက်မြင်တွေရဲ့ ထွက်ဆိုမှုတွေကို စုစည်းပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စစ်သားတွေက ကလေး ၃၆ ဦး အပါအဝင် လူပေါင်း ၁၇၉ ဦးကို ဆိုရိုရွာမှာ၊ ကလေး ၂၀ အပါအဝင် ၄၄ ဦးကို အနားမှာရှိတဲ့ နွန်ဒင်ရွာမှာ အစုလိုက် သတ်ဖြတ်ခဲ့တာလို့ စွပ်စွဲ ဖော်ပြခဲ့တာပါ။ အဲဒီကျေးရွာ နှစ်ခုဟာ မြောက်ပိုင်းက ယာတန်ဂါ ပြည်နယ်ထဲမှာ တည်ရှိပါတယ်။

 လေ့လာသူတွေက ဘာကီနာဖာဆို စစ်တပ်ဟာ နောက်ထပ် မဖော်ထုတ်နိုင်သေးတဲ့ လူမဆန်မှု၊ ရက်စက်မှုတွေကို ကျူးလွန်ထားဦးမယ်ဆိုတာ သံသယရှိဖို့ မလိုကြောင်း ပြောပါတယ်။

 ဘာကီနာ ဖာဆိုမှာ ၂၀၂၂ ခုနှစ်တုန်းက စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဗိုလ်ကြီး အီဘရာဟင် ထယာအိုရေးက သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက်ထားပါတယ်။ ထယာအိုရေးဟာ စစ်အာဏာသိမ်းမှုအပြီး ရုရှားနဲ့ ဆက်ဆံရေးကို သိသိသာသာ မြှင့်တင်ခဲ့သလို နိုင်ငံပိုင်နက်ထဲကိုလည်း ရုရှားတပ်တွေ လာရောက်တပ်စွဲဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဘာကီနာဖာဆို စစ်တပ်ဟာ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် အဆက်အနွှယ် စစ်သွေးကြွတွေကို အပြင်းအထန် ချေမှုန်း တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းနဲ့ အဲဒီ ရည်မှန်းချက်ကို ရုရှားက ထိထိရောက်ရောက် အကူအညီ ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတက မှတ်ချက်ပေးထားပါတယ်။  

 နောက်ဆုံး ထွက်ပေါ်လာတဲ့ HRW စွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ လောလောဆယ်မှာ အာဏာသိမ်း စစ်တပ်က မှတ်ချက်ပေး တုံ့ပြန်တာ ဘာမှ မရှိသေးပါဘူး။

 Ref: Guardian