အာကာသထဲ လက်နက် အပြိုင်တပ်ဆင်ရေး အဆို ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချ

ဧပြီ ၊ ၂၅

အာကာသထဲမှာ လက်နက် အပြိုင်တပ်ဆင်မှုတွေကို တားမြစ်တဲ့ အဆိုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

 ၁၉၆၇ ခုနှစ်၊ ကမ္ဘာ့ လေဟာနယ် အပြင်ဖက် အာကာသဆိုင်ရာ စာချုပ်မှာ ဖော်ပြထားတဲ့ အခြေခံ အချက်အလက်တွေကို ကိုးကားထားတဲ့ အာကာသ အခြေစိုက် လက်နက် အပြိုင်တပ်ဆင်မှု တားဆီးရေး အဆိုကို ဂျပန်နဲ့ အမေရိကန်တို့က ပူးတွဲ တင်သွင်းခဲ့တာပါ။

 အမေရိကန်က ရုရှားဟာ အာကာသ အခြေစိုက်၊ ဂြိုဟ်တုဖျက် နျူကလီးယား လက်နက်မျိုးတွေကို တီထွင်ဖန်တီးနေတယ်လို့ ယုံကြည်ရကြောင်း သတိပေးခဲ့ပြီး ရုရှားကတော့ ရှိရင်းစွဲ နိုင်ငံတကာ သဘောတူ စာချုပ်တွေကို အပြည့်အဝ လေးစားလိုက်နာနေဆဲလို့ တုံ့ပြန်ခဲ့ပါတယ်။

 လုံခြုံရေး ကောင်စီမှာ တင်သွင်းခဲ့တဲ့ အဆိုမှာတော့ ကမ္ဘာ့နိုင်ငံ အားလုံး၊ အထူးသဖြင့် အာကာသ နည်းပညာဆိုင်ရာ အထင်ကရ စွမ်းဆောင်မှုတွေ ရှိနှင့်ပြီးသား အင်အားကြီး နိုင်ငံတွေဟာ အာကာသ နည်းပညာတွေကို ငြိမ်းချမ်းစွာ အသုံးပြုဖို့၊ အာကာသထဲမှာ လက်နက်အပြိုင် တပ်ဆင်တာကို တားမြစ်ဖို့ စုပေါင်း လုပ်ဆောင်သင့်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

 အခုသီတင်းပတ် မဲခွဲမှုမှာတော့ လုံခြုံရေးကောင်စီ ၁၅ နိုင်ငံထဲမှာ ၁၃ နိုင်ငံက အဆိုကို ထောက်ခံပြီး ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချခဲ့သလို တရုတ်ကတော့ ကြားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး လင်ဒါသောမတ်စ် ဂရင်းဖီးလ်က ရုရှားရဲ့ ဗီတိုအာဏာ ထုတ်သုံးမှုကို လှောင်ပြောင်ခဲ့ပြီး ရုရှားဟာ ရှိရင်းစွဲ နိုင်ငံတကာ သဘောတူညီမှု တခုကို ပိုမိုခိုင်မာစေမယ့် အဆိုကိုတောင် အသည်းအသန် ငြင်းဆန်သွားခဲ့တာ ဖြစ်တယ်လို့ ဝေဖန် စွပ်စွဲသွားခဲ့ပါတယ်။

 ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အာကာသထဲမှာ ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ဖို့ စိတ်ကူးမရှိပါဘူးလို့ လူသိရှင်ကြား ပြောခဲ့ပေမယ့် အခုလို ဗီတိုအာဏာသုံးပြီး ပယ်ချစေတာက မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ရုရှားဟာ ဘာတွေကို ဖုံးကွယ်ထားချင်သလဲ ဆိုတာက သိချင်မိကြောင်းလည်း ဂရင်းဖီးလ်က ဆိုပါတယ်။

 နှစ်ဆန်းပိုင်းတုန်းက အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ဂျွန်ကာဘီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ဒုက္ခပေးနိုင်တဲ့ ဂြိုဟ်တုဖျက် စစ်လက်နက် အသစ်တခုကို အာကာသထဲမှာ အခြေစိုက် ဖြန့်ကျက်ဖို့ စီစဉ်နေကြောင်း စွပ်စွဲခဲ့ပြီး အဲဒီ လက်နက် အစစ်က အသက်ဝင် လည်ပတ်မှုတော့ မရှိသေးဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

 Ref: AP