ဂါဇာ ဆေးရုံဝင်းတွေထဲ သင်္ချိုင်းနေရာတွေကိစ္စ နိုင်ငံတကာ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂတောင်းဆို

ဧပြီ ၊ ၂၅

ဂါဇာက ဆေးရုံတွေထဲမှာ လက်စဖျောက် မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေ ရာနဲ့ချီ တူးဖော် တွေ့ရှိခဲ့တဲ့အပေါ် လွတ်လပ်တဲ့၊ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုမျိုး ရှိလာစေဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

 ဂါဇာမှာ အစ္စရေး တပ်ဖွဲ့ဝင်တွေ အခုနှစ်အတွင်း စီးနင်း ထိန်းချုပ်ခဲ့တဲ့ ဆေးရုံနှစ်ခုမှာ လျှို့ဝှက် မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာတွေကို ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။

 ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတုခ်က နက်ဆာနဲ့ အယ်လ်ရှီဖာ ဆေးရုံဝင်းတွေထဲမှာ လျှို့ဝှက် မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေ ရှာတွေ့ခဲ့တယ်ဆိုတဲ့ သတင်းအတွက် အကြီးအကျယ် တုန်လှုပ်မိကြောင်း ပြောပါတယ်။ နိုင်ငံတကာ ဥပဒေတွေအရ ဆေးရုံတွေကို အထူးဂရုစိုက် အကာအကွယ်ပေးဖို့ လူတိုင်းမှာ တာဝန်ရှိကြောင်း၊ အဲဒီနေရာမျိုးတွေမှာ အရပ်သားတွေ၊ အကျဉ်းသားတွေကို သတ်ဖြတ်တာမျိုးတွေသာ ရှိခဲ့မယ်ဆိုရင် ခွင့်လွှတ်လို့ မရနိုင်တဲ့ စစ်ရာဇဝတ်မှုမျိုး ကျူးလွန်တဲ့ အဓိပ္ပါယ် ဖြစ်ကြောင်း တုခ်က ဆိုပါတယ်။

 အခုသီတင်းပတ်ထဲမှာ ဂါဇာတောင်ပိုင်းက ခန်ယူနစ်မြို့မှာရှိတဲ့ နက်ဆာဆေးရုံဝင်းထဲမှာ သင်္ချိုင်းနေရာ တခုကို တူးဖော် တွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၃၂၄ ခုကို အစလိုက် လက်စဖျောက် မြှုပ်နှံထားတာ ဖော်ထုတ်နိုင်ခဲ့ကြောင်း ဂါဇာ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။  ဧပြီ ၇ ရက်နေ့က အစ္စရေးတပ်တွေ အဲဒီဆေးရုံကနေ ထွက်ခွာသွားတဲ့နောက် လူပေါင်း ၄၀၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း စာရင်း စုဆောင်း ရရှိထားတယ်လို့ ဂါဇာအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

 နောက်ပြီး ဧပြီ ၁ ရက်မှာ အစ္စရေးတပ်တွေ စွန့်ခွာသွားတဲ့နောက် အယ်လ်ရှီဖာ ဆေးရုံဝင်းထဲမှာလည်း သတ်ဖြတ် ခံထားရလို့ ပုပ်သိုးဆွေးမြေ့နေတဲ့ ရုပ်အလောင်း ၃၈၁ ခုထက် မနည်းကို စနစ်တကျ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ အရေအတွက်ဟာ ပိုပြီးတော့လည်း တိုးလာနိုင်ဆဲလို့ သိရပါတယ်။

 အစ္စရေးရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ အမေရိကန်က ဆေးရုံဝင်းတွေထဲမှာ အစုလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာတွေ ရှာတွေ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ လေးလေးနက်နက် စောင့်ကြည့်နေပြီး အခြေအနေက စိတ်ပူစရာ ဖြစ်တယ်လို့ ဝန်ခံ မှတ်ချက်ပေးထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေး အစိုးရကိုလည်း ဆက်သွယ် စုံစမ်းထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

 အစ္စရေး စစ်တပ်ကတော့ ဂါဇာက အစ္စရေး ထိန်းချုပ်ခဲ့ဖူးရာ ဆေးရုံတွေထဲမှာ ရုပ်အလောင်းတွေ အစုလိုက် မြှုပ်နှံထားတာဟာ အစ္စရေးတပ်တွေ လက်ချက်ကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေက အခြေအမြစ် လုံးဝမရှိဘူးလို့ တုံ့ပြန် ငြင်းဆိုထားပါတယ်။

 အစ္စရေးစစ်တပ် (IDF)ရဲ့ အဆိုအရ ဟားမားစ် ပြောက်ကျားတွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေကို ရှာဖွေဖို့အတွက် ဆေးရုံဝင်းထဲမှာ မြှုပ်ထားတဲ့ ပါလက်စတိုင်း အလောင်းတွေကို ဖော်ယူစစ်ဆေးပြီးမှ ပြန်လည် မြှုပ်နှံထားခဲ့တာသာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို အလောင်းဖော်ယူ စစ်ဆေးရာမှာ သေဆုံးသူတွေရဲ့ လူသားဂုဏ်သိက္ခာကို အလေးထားပြီး ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေးမှုတွေအတွင်း ဓားစာခံတွေရဲ့ အလောင်းတွေကိုတော့ ရှာမတွေ့ခဲ့ကြောင်း IDFက ဖြေရှင်းခဲ့ပါတယ်။

 တချို့သော စစ်ရေးလေ့လာသူတွေကလည်း ဆေးရုံဝင်းထဲမှာ အစ္စရေး တပ်တွေက ရာနဲ့ချီတဲ့ ပါလက်စတိုင်းတွေကို သတ်ဖြတ်ပြီး ဖျောက်ဖျက် မြှုပ်နှံခဲ့တယ်ဆိုတဲ့ ပါလက်စတိုင်းဖက်က စွပ်စွဲချက်မှာ လက်တွေ့မကျတဲ့ အခြေအနေတချို့ ရှိနေကြောင်း ဝေဖန် ထောက်ပြထားကြပါတယ်။

 Ref: CNN