ကျူးကျော်တွေကို အဓမ္မဖယ်ရှားနေတာ ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂထုတ်ပြန်

၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက် စစ်အုပ်စုက ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်တွေကို အဓမ္မ ဖယ်ရှားနေတာဟာ  လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တာကြောင့် ချက်ချင်းရပ်ရမယ်လို့  ကုလလူ့အခွင့်အရေး အရာရှိတွေက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Balakrishnan Rajagopal၊ ပြည်တွင်း ဒုက္ခသည် အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Cecilia Jimenez – Damary နဲ့ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Olivier De Schutter တို့ဟာ  ဒီဇင်ဘာ ၂ ရက်က အကြမ်းဖက် စစ်အုပ်စုရဲ့ ကျူးကျော်တွေကို  အဓမ္မဖယ်ရှားနေမှု နဲ့ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ကျူးကျော်နေထိုင်သူတွေကို အတင်းအကျပ် ဖယ်ရှားခြင်းဟာ  နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို အကြီးအကျယ် ချိုးဖောက်ရာ ရောက်ကြောင်း ကျူးကျော်တွေကို ဖယ်ရှားရာမှာ  နစ်နာကြေး တစ်စုံတစ်ရာပေးခြင်း မျိုးမရှိကြောင်းဖယ်ရှားမယ်ဆိုပါကလည်း ဖယ်ရှားမယ့်သူတွေ အတွက် စားဝတ်နေရေးနဲ့ နေထိုင်စရာ အစီအစဉ်တွေ လုပ်ဆောင်ပေးရပြီး  လူ့အခွင့်အရေးနဲ့အညီလေးစားလိုက်နာရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်၊လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်ဖယ်ရှားမှုမှာ ကားလမ်းနံဘေးတင်မကဘဲ စက်မှုဇုန် ဧရိ ယာအတွင်းကျူးကျော်တွေကိုပါ ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

‘ နိုင်ငံရေးအရရှင်းတာပါ။အဲဒီကျူးကျော်နေရာတွေမှာ ခိုအောင်းပြီး သူတို့ကို တိုက်နေတယ် လို့ စစ်ခွေးတွေအထင်အမြင်ရှိတာကြောင့် အိမ်ထောင်စု ငါးသောင်းကျော်ကို တစ်ပြားမှမပေးဘဲ ရှင်းလိုက်တာ’လို့ လှိုင်သာယာမြို့နယ်အတွင်းရှိ NLD ပါတီဝင်တစ်ဦးကပြောပါတယ်။

NLDအစိုးရလက်ထက်က လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်ဖြစ်ကြောင်း စမတ်ကတ်ရထားသူ အိမ် ထောင်စုသုံးသောင်းကျော်ရှိပြီး အခုနောက်ပိုင်း ထပ်တိုးကျူးကျော်တွေကိုပါ ထည့်ပေါင်းလိုက်ပါက အိမ် ထောင်စုငါးသောင်းကျော်၊လူဦးရေအနေနဲ့ တစ်သိန်းကျော်ရှိတယ်လို့ သူကပြောပါတယ်။

‘အခုအဖျက်ခံလိုက်ရတဲ့ ကျူးကျော်တွေထဲက တစ်ဝက်လောက်က အရင်ကတည်းက ကျူးကျော်အိမ်တွေကို ဝယ်ထားတဲ့လူတွေဆိုတော့ တစ်ဝက်လောက်က အိမ်အဖျက်ခံရပေမဲ့ ဌားနေတာတို့ ဘာတို့လောက်တတ်နိုင် ကြတယ်။ကျန်တဲ့တစ်ဝက်လောက်ဟာ တကယ်ကို နေစရာမရှိတော့တာ’လို့ လှိုင်သာယာ၁၄ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။

အိမ်အဖျက်ခံရလို့ နေစရာမရှိတော့သူတချို့ဟာ အဖျက်ခံရတဲ့အိမ်နံဘေး ဖြစ်သလို နေထိုင်ကြပြီး တချို့မှာမူ သူတို့ရဲ့ဇာတိရပ်ရွာဆီ ပြောင်းရွှေ့သွားကြတယ်လို့သိ၇ပါတယ်။

ကျူးကျော်တွေကို အဓမ္မလုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်အုပ်စုကို ကုလသမဂ္ဂ ကအသိပေးထားတယ်လို့သိရပါတယ်။