မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ စောင့်ကြည့်တဲ့ ကုလသမဂ္ဂရဲ့ အဖွဲ့ကို ရုရှား ပိတ်သိမ်း

မတ် ၊ ၂၉

မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စောင့်ကြည့်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တခုကို ရုရှားက ပိတ်သိမ်းစေခဲ့ပါတယ်။

 အဲဒီ အဖွဲ့က ရုရှားဟာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖောက်ဖျက်ပြီး ပဲ့ထိန်းဒုံးလို စစ်လက်နက်တွေကို မြောက်ကိုရီးယားဆီက ဝယ်ယူနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အစီရင် ခံခဲ့ပါတယ်။ အဲဒီ မြောက်ကိုရီးယား စစ်လက်နက်တွေကို ရုရှားက ယူကရိန်း စစ်ပွဲမှာ သုံးစွဲနေတယ်လို့လည်း ဆိုပါတယ်။

 ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် နည်းပညာ စမ်းသပ် အကောင်အထည် ဖော်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ပိတ်ဆို့ အရေးယူမှု အတော်များများကို ၂၀၀၆ ခုနှစ် ကတည်းက စတင် သတ်မှတ်ခဲ့ပါတယ်။

 အဲဒီ သတ်မှတ်ချက်တွေဟာ လက်ရှိ အချိန်ထိ အသက်ဝင်နေဆဲ ဖြစ်ပေမယ့် လုပ်ငန်းစဉ်ကို စောင့်ကြည့်တဲ့ ပညာရှင် အစုအဖွဲ့ကို ရုရှားက ဖျက်သိမ်းစေခဲ့တာ ဖြစ်ပါတယ်။

 မတ်လ ၂၈ ရက်နေ့က လုံခြုံရေး ညီလာခံမှာ အဲဒီပညာရှင် အဖွဲ့ကို သက်တမ်း ဆက်တိုးရေးကိစ္စ မဲခွဲရာမှာ ၁၃ နိုင်ငံက ထောက်ခံမဲပေးပြီး မြောက်ကိုရီးယားနဲ့ ရင်းနှီးတဲ့ တရုတ်ကတော့ ကြားနေခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားက ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခဲ့တာကြောင့် အဖွဲ့ကို သက်တမ်း ဆက်မတိုးဖြစ်တော့ဘဲ ဖျက်သိမ်းရတော့မှာပါ။

 ရုရှားရဲ့ ဗီတိုအာဏာသုံး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယားနဲ့ ဒီမိုကရေစီ ထွန်းကားရာ အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

 အဲဒီ ပညာရှင် အစုအဖွဲ့ရဲ့ သက်တမ်းတိုးမှုကို နှစ်စဉ် လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ် အတည်ပြုလေ့ရှိပြီး အခုတကြိမ်မှာ ရုရှားက ပထမဆုံးအကြိမ် ဗီတိုအာဏာသုံးပြီး ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။

 ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စမျိုးမှာ ဗီတိုအာဏာ သုံးတယ် ဆိုတာက ရုရှားဟာ စစ်ပွဲမှာ မြောက်ကိုရီးယား လက်နက်တွေ ဝယ်ယူ သုံးစွဲနေပါတယ်လို့ အပြစ်ရှိကြောင်း ဝန်ခံလိုက်တဲ့ သဘောပဲလို့ လှောင်ပြောင်ခဲ့ပါတယ်။

 ရုရှားကတော့ အရင်အကြိမ်တွေလိုပဲ မြောက်ကိုရီးယား လက်နက်တွေ ဝယ်သုံးနေတယ် ဆိုတာကို ထပ်မံငြင်းဆိုခဲ့ပြီး အခုလို ကန့်ကွက်မဲ ပေးရခြင်းက စောင့်ကြည့်ရေး အဖွဲ့ရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေက ထိရောက်တဲ့ အကျိုးကျေးဇူး ဘာမှ မပြသနိုင်လို့သာ ဖြစ်တယ်လို့ အကြောင်းပြသွားခဲ့ပါတယ်။

 Ref: BBC