ခွဲခြားဆက်ဆံမှုဆန်တဲ့ လုပ်ငန်းခွင် ဆံပင်ပုံစံ ကန့်သတ်ချက် ပယ်ဖျက်ရေးအဆို ပြင်သစ်လွှတ်တော် လက်ခံ

 

မတ် ၊ ၂၉

လုပ်ငန်းခွင်တွေမှာ ဆံပင်ပုံစံနဲ့ ပတ်သက်တဲ့ ကန့်သတ် စည်းမျဉ်းတွေကို ဖယ်ရှားဖို့ ပြင်သစ် လွှတ်တော်မှာ အဆိုတင်သွင်းထားလိုက်ပါတယ်။

 အောက်လွှတ်တော်က လုပ်ငန်းခွင် ဆံပင်ပုံစံ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး အဆိုမူကြမ်းကို လက်သင့်ခံလိုက်တဲ့နောက် အထက်လွှတ်တော်မှာ ဆက်လက် ဆွေးနွေး ငြင်းခုံသွားမယ်လို့ ဆိုပါတယ်။ လက်ရှိ ဥပဒေတွေအရ ပြင်သစ်က လုပ်ငန်းခွင်တွေမှာ ပွယောင်းယောင်း ပုံစံတွေ၊ ကျစ်ဆံမြီး အချောင်းလိုက် ကျစ်ထားတာတွေလိုမျိုး သာမန်ထက် ထူးကဲတဲ့ ဆံပင်ပုံစံ ရွေးချယ်မှုတွေကို ဖုံးကွယ်ထားဖို့ လိုပါတယ်။

 ဒါပေမဲ့ အဲဒီ ဥပဒေဟာ အာဖရိကနွယ်ဖွားတွေလိုမျိုး ဝန်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံတဲ့ အဓိပ္ပါယ် သက်ရောက်တာကြောင့် ပြင်ဆင် ပြောင်းလဲသင့်ကြောင်း ပြင်သစ်ပိုင် ကာရေဘီယန် ကျွန်းတခုဖြစ်တဲ့ ဂွာဒီလူပီကို ကိုယ်စားပြုသူ လွှတ်တော်အမတ် အိုလီဗာ ဆာဗာက အဆိုတင်ခဲ့တာ ဖြစ်ပါတယ်။

 အခုလို ဥပဒေမျိုးတွေကြောင့် ဥရောပ စံနှုန်းနဲ့ မကိုက်ညီသလို သတ်မှတ်ခံရသူတွေဟာ ခွဲခြားဆက်ဆံတာ၊ အထင်လွဲခံရတာ၊ ဘက်လိုက် နှိမ့်ချခံရတာတွေ ကြုံနိုင်တယ်လို့ သူက ဆိုပါတယ်။

 လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဆာဗာရဲ့ အဆိုပြုချက် မူကြမ်းကို ထောက်ခံပေမယ့် အဲဒီလို ခွဲခြားဆက်ဆံခံရမှု အများစုဟာ လူမည်းတွေအပေါ် ဦးတည်နေတယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပိုမို ညွှန်ပြသင့်တယ်လို့ ထောက်ပြထားကြပါတယ်။

 Ref: AFP