ရခိုင်ရိုးမအစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

မတ် ၊ ၂၉

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်အတွင်းရှိ နေရာနှစ်ခုမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဆယ်ဦးထက်မနည်း သေဆုံးကာ နှစ်ဆယ်နီးပါး ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နဲ့ ၂၈ ရက်တွေမှာ ငဖဲမြို့နယ် တုံးကြီးရွာအနီးနဲ့ ချောင်းဖျားရွာအနီးတို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

“စကစစစ်ကြောင်းကို ဒီဘက်က ဖြတ်တိုက်လို့ တိုက်ပွဲဖြစ်တာ၊ စကစစစ်ကြောင်းတွေကတော့ နောက်ပြန်ဆုတ်သွားကြတယ်ကြားတယ်၊ အဲဒီဖက်မှာ တင်းမာမှုတွေ ထပ်ရှိနေတယ်၊ တိုက်ပွဲတွေလည်း ထပ်ဖြစ်မယ်ထင်တယ်”လို့ အဲဒီတိုက်ပွဲအခြေအနေကို သိထားတဲ့ အမ်းဒေသခံတဦးက ပြောပါတယ်။

အခုတိုက်ပွဲဟာ AA နဲ့ စစ်ကောင်စီတပ်တို့ကြား မကွေးတိုင်း၊ငဖဲမြို့နယ်အတွင်း ပထမဆုံးဖြစ်ပွားတဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့လည်း ပါဝင်တယ်လို့ ဒေသခံတချို့က ပြောကြပေမယ့် DNA က သီးသန့် အတည်ပြုလို့တော့ မရသေးပါဘူး။

အဲဒီတိုက်ပွဲအခြေအနေတွေနဲ့ ပက်သက်လို့ AA  ပြောခွင့်ရ ဦးခိုင်သုခကို DNA က မေးမြန်းထားဆဲဖြစ်ပါတယ်။

 မကွေးတိုင်းအထက်ပိုင်း ထီးလင်းမြို့နယ်အတွင်းက တိုက်ပွဲတချို့မှာတော့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်တွေနဲ့အတူ AA ပါဝင်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ရခိုင်ရိုးမတောင်တန်းရဲ့အနောက်ဖက်ခြမ်း အမ်းမြို့နယ်အတွင်းမှာလည်း အခုရက်ပိုင်းအတွင်း AA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ရက်ဆက်ရှိနေပြီး အဲဒီတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဘက်က ၁၅ ဦးခန့် သေဆုံးကာ ဒဏ်ရာရသူ ၁၅ ဦးခန့်ရှိခဲ့တယ်လို့ AA က ဆိုပါတယ်။

AA ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့နယ်အတွင်းက နပခအနီးဝန်းကျင်ရှိ တပ်ရင်း၊ တပ်ခွဲ၊ တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ရှိနေပြီး မတ်လ ၂၅ ရက်နေ့ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရှစ်ဦး သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AA ဟာ ရခိုင်ဒေသခံတိုက်ပွဲလေးလကျော်အတွင်း ရခိုင်ပြည်နယ်အတွင်းကမြို့နယ် ရှစ်မြို့နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ကို တပြိုင်တည်း ထပ်မံထိုးစစ်ဆင်နေတာပါ။

ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို တခုမကျန်တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ထားပြီး မသေမခံချင်ရင် အချိန်မနှောင်းခင် စောစောစီးစီး လက်နက်ချအညံ့ခံကြဖို့လည်း AA က သတိပေးထားပါ