အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ကျိုက်မရောက မီးဘေးသင့်ပြည်သူနဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ခွင့်မပြု

မတ်၊ ၂၈
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှ မီးဘေးသင့်ပြည်သူတွေနဲ့ အနီးပတ်ဝန်းကျင်က စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ ကူညီထောက်ပံ့ခွင့်မပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ပိတ်ပင်ထားတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေထံမှ သိရပါတယ်။
 
မွန်းလွဲပိုင်းလောက်က သွားတွေ့ကြတယ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တိုင်းမှူးနဲ့ ဒီရွာတွေ ဒုက္ခရောက် နေတာ စားနပ်ရိက္ခာသယ်ယူခွင့်ပေးဖို့နော်၊ သူတို့ဘက်က ခွင့်ပြုချက်မပေးဘူး၊ ညှိနှိုင်းလို့ အဆင်မပြေခဲ့ဘူး လို့ ဓမ္မသကျေးရွာမှာ မီးဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီဘက်က ဘာကြောင့် အကူအညီပေးခွင့်မပြုသလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
 
ကျိုက်မရောက မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဘာကြောင့် အကူအညီပေးခွင့် မပေးလဲဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိပါဘူး။
 
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာမှာ မနေ့ မတ်လ ၂၇ ရက် ညနေလေးနာရီခန့်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်သုံးရာကျော်မီးလောင်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
 
မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၁၅၀၀ ဝန်းကျင်ခန့်က ဘုန်းတော်ကြီးကျောင်းနဲ့ အနီးပတ်ဝန်းကျင်ရှိ တောတောင်တွေမှာ တိမ်းရှောင်နေရပြီး သူတို့အတွက် နေထိုင်စားသောက်ဖို့ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
 
လတ်တလော စားသောက်ဖို့ကို ဒေသတွင်းအလှူရှင်တွေနဲ့ သံဃာတော်တွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးထားပြီး တခြားဒေသမှ လာရောက်လှူဒါန်းတဲ့သူတွေကို စစ်ကောင်စီဘက်က လှူဒါန်းခွင့်ပိတ်ထား တာဖြစ်ပါတယ်။
 
ဒါ့ကြောင့် မွန်သံဃာတော်တွေနဲ့ မွန်လူထုခေါင်းဆောင်တချို့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးထံ ဒီကနေ့ မွန်းလွဲပိုင်းမှာ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် တိုင်းမှူးဘက်က အကူအညီပေးခွင့် မပြုခဲ့ဘူးလို့ ဆိုပါတယ်။
 
လူကြီးပိုင်းတွေ သွားတာဆိုတော့ ဘာကြောင့် မပေးတာ မသိရဘူး၊ ထင်တာတော့ သူတို့က ဒီရိက္ခာတွေ တော်လှန်ရေးဘက်ရောက်သွားမှာ စိုးလို့နေမယ်၊ စစ်သားတွေက ပတ်ပတ်လည်ကို ဝိုင်းထားတာဆိုတော့လေ လို့ အဲဒီ မီးဘေးကူညီပေးနေသူက ပြောပါတယ်။
 
ဂျိုင်းမြစ်ကမ်းနဖူးမှာ ရှိတဲ့ ဓမ္မသကျေးရွာဟာ အိမ်ခြေပေါင်းတထောင်နီးပါးရှိပြီး လူဦးရေငါးထောင်ကျော်ရှိတဲ့ မွန်တိုင်းရင်းသားအများစုနေထိုင်ကြတဲ့ ရွာကြီးတရွာလည်း ဖြစ်ပါတယ်။
 
ဓမ္မသကျေးရွာမှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ ညနေ လေးနာရီကနေ ည ၁၀ နာရီကျော်မှသာ မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်သုံးပုံတပုံမီးလောင်ပျက်စီးသွားသလို ဆိုင်ကယ်အများအပြား မီးလောင်ပျက်စီးကာ ကာလတန်ဖိုးအားဖြင့် သိန်းပေါင်းသောင်းချီဆုံးရှုံးခဲ့ရတယ်လို့ ခန့်မှန်းကြပါတယ်။
 
ဒါ့အပြင် မီးလောင်မှုဖြစ်ပွားချိန်မှာ မီးငြိမ်းသတ်ဖို့ စစ်ကောင်စီဘက်က မီးသတ်ယာဉ်ကို ကျေးရွာထဲ ဝင်ခွင့်မပြုတဲ့အချက်ကြောင့် ပျက်စီးဆုံးရှုံးမှု များရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
လက်ရှိမှာလည်း မီးလောင်မှုဖြစ်ပွားနေတဲ့ ဓမ္မသကျေးရွာရဲ့ သုံးမိုင်အကွာ တရနာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ဓမ္မသကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေလည်း သုံးကြိမ်ထက်မနည်းပစ်ခတ်တာတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဓမ္မသကျေးရွာခံ တဦးက ပြောပါတယ်။
 
မနက်ကတည်းကပဲ လေယာဉ်က ပစ်လိုက်၊ နားလိုက်၊ ထပ်လာပစ်လိုက်၊ ခုညနေပိုင်းအထိပဲ၊ တရနာရွာကနေ ရော၊ ဂျိုင်းမြစ်ကနေရော စစ်သင်္ဘောနဲ့ ပစ်နေတာ တနေ့လုံးပဲ၊ ပစ်တဲ့နေရာကလည်း ရှောင်နေတဲ့ နေရာအနားကိုပဲ ပစ်နေကြတာ၊ ရွာထဲကို မပစ်ဘူး လို့ သူက ပြောပါတယ်။
 
ဒါ့ကြောင့် တပူပေါ်နှစ်ပူဆင့်ဆိုတဲ့အတိုင်း ဓမ္မသကျေးရွာသားတွေက နေအိမ်တွေမှာ မထိုင်ရဲကြတော့ဘဲ တော တောင်တွေထဲမှာ အကုန်လုံးနီးပါးထက်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
 
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ ၂၅ ရက်နေ့မှာ လက်လွှတ်ဆုံးရှုံး လိုက်ရတဲ့ စစ်ကောင်စီဟာ ခရုံဂူလမ်းပိုင်းအပါအဝင် ပတ်ပတ်လည်ကနေ အင်အားဖြည့်စစ်ကြောင်းထိုးကာ ကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိ ကော့ဘိန်း၊ တရနာ၊ ကော့သပ်၊ ကော့ပေါက်၊ ဓမ္မသ၊ ဘုရားကြီး၊ ကော့ပလိုင်း အစရှိတဲ့ ကျေးရွာအသီး သီးမှ ဒေသခံပြည်သူ ရှစ်ထောင်နီးပါးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
 
အပြင်ထွက်လို့ မရဘူး၊ ရွာထဲရော ပတ်ပတ်လည်မှာ စစ်သားနှစ်ရာလောက်ရှိမယ်၊ စားသောက်ဖို့ တော်တော် လေး ခက်ခဲနေကြတာ၊ စစ်သားတွေက လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ အိမ်ကနေ တွေ့နေရတာ မသွားရဲဘူးပေါ့ လေယာဉ်လဲ တချိန်လုံးဝဲနေတာ ပစ်လိုက်နားလိုက် လို့ တရနာကျေးရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ကျိုက်မရောစစ်ဘေးရှောင်များ