စည်ပင်မြေကျူးထားတဲ့ ဆိုင်တွေကို စစ်အုပ်စုအားကိုးနဲ့ စည်ပင် လိုက်ဖျက်

၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

 ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ် ဗိုလ်အောင်ကျော်လမ်းမတစ်လျှောက်ရှိ စည်ပင်မြေကျူးကျော်ထားတဲ့ ဆိုင် မှန်သမျှကို အကြမ်းဖက်စစ်တပ်အားကိုးနဲ့ စည်ပင်က လိုက်ဖျက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ရက် နေ့လည်ပိုင်းက စတင်ကာ ဗိုလ်အောင်ကျော်လမ်းမပေါ်ရှိ မြောင်းကျော်ဆိုင်တွေကို မြေကော်ကားနဲ့ ထိုးကော်ဖျက်ဆီးဖယ်ရှားနေတယ်လို့ ၁၄ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

‘ဒီဇင်ဘာ၁ရက်နေ့ ညက မြောင်းကျော်ဆိုင်ခန်းတွေဖယ်ပေးဖို့ မိုက်နဲ့လိုက်အော်တယ်။ မနေ့မနက်ကျတော့ မိုက်နဲ့ထပ်အော်ပြီး တစ်နာရီလောက်ပဲ ကြာတယ်။ မြေကော်ကားတွေရော၊မြေသယ်ကားပေါ်မှာ စည်ပင်အလုပ်သမားတွေရော စစ်ခွေးတွေရော အားလုံးပေါင်း ကားအစီး၂၀လောက်ရောက်လာပြီး ဖျက်တော့တာ။ ကိုယ့် ဆိုင်ကိုယ့်ဘာသာ ဖျက်နေတာမြင်တာတောင် မြေကော်ကားနဲ့ အတင်းအဓမ္မဝင်ဖျက်တာ’လို့ ၁၄ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။

ပါးနပ်တဲ့ဆိုင်တချို့ကမူ မြေကော်ကားနဲ့ ရမ်းထိုးနေတာကြောင့် မကျူးကျော်ထားတဲ့နေရာက အဆောက်အဦ တွေ ထိခိုက်နိုင်လို့ စည်ပင်လူကြီးတွေကို လက်သိပ်ထိုးငွေပေးကာ ကိုယ့်ဘာသာဖျက်ပါရစေလို့ တောင်းပန် ညှိနှိုင်းကြရကြောင်း သူကပြောပါတယ်။

ဗိုလ်အောင်ကျော်လမ်းမတစ်လျှောက် သစ်ဆိုင်၊အိမ်ဆောက်ပစ္စည်းတို့လို ဆိုင်ကြီးများစွာရှိပြီး ဆိုင်တိုင်းဟာ အနည်းဆုံးအနေနဲ့ မြောင်းကျော် ကာ အခိုင်အမာဆိုင်ဆောက်ထားကြတာကြောင့် ဒုက္ခရောက်ရကြောင်း သိရ ပါတယ်။

‘ကျွန်တော်တို့ဆိုင်အားလုံး စည်ပင်အခွန်ဆောင်ထားကြသူချည်းပါ။ဒါပေမဲ့ကျူးကျော်လို့ ဖျက်ခိုင်းတယ်ဆို လည်း လေး၊ငါးရက်လောက် အချိန်ပေးသင့်တာပေါ့။အခုဟာက ချက်ချင်းဖျက်ဆိုတော့ အကုန်ကသောင်း ကနင်းဖြစ်ကုန်တာ’လို့ ဗိုလ်အောင်ကျော်လမ်းမပေါ်ရှိ ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဒီနေ့မနက်မှာလည်း မီးခွက်ဈေးကစလို့ ဗိုလ်အောင်ကျော်လမ်းတစ်လျှောက် လမ်းပိတ်ကာ ကားအစီး၂၀ လောက်နဲ့ ပြည်သူတွေ ဆိုင်ဖျက်နေတာကို စောင့်ကြည့်နေကြတယ်လို့သိရပါတယ်။

‘ဒီနေ့ မြေကော်ကားပါလာပေမဲ့ အခုထိ ဘာမမလုပ်သေးဘူး။ဆိုင်တွေဖျက်လား၊မဖျက်ဘူးလား စောင့်ကြည့် နေကြတယ်။လှိုင်သာယာပြည်သူတွေက စစ်ခွေးတွေကို ကောင်းကောင်းဆော်ထားတော့ အဲဒါကိုငြိုးပြီး လျှောက်လုပ်တာလို့ ကိုယ့်ပြည်သူချင်းပြောနေကြတယ်’လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။

အခုအခါ လှိုင်သာယာထဲက ကျူးကျော်နေအိမ် ငါးသောင်းကျော်ကို စစ်အုပ်စုက နေစရာပြန်မပေးဘဲ ဖယ်ရှား ခဲ့ပြီးဖြစ်ပါတယ်။