ဩဂုတ်၊ ၂၀
ရုရှားပိုင်နက်ထဲ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေးဟာ ကျေနပ်စရာ အောင်မြင်မှုတွေ ရရှိနေတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၆ ရက်နေ့ကစလို့ ယူကရိန်းဟာ ရုရှားနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားပိုင်နက်ထဲကို စစ်တပ်တွေ စေလွှတ်ခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ ယူကရိန်းရဲ့ မြေပြင်ထိုးစစ်ကြောင့် ရုရှားဟာ အကြီးအကျယ် အငိုက်မိသွားခဲ့သလို ကက်စ်ဒေသထဲမှာ နယ်မြေတွေ ဆက်တိုက် သိမ်းပိုက် ခံနေရပါတယ်။
ဩဂုတ် ၁၉ ရက်နေ့မှာတော့ ယူကရိန်း သမ္မတ ဇီလန်စကီးက အဲဒီ စစ်ဆင်ရေးရဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူစွာနဲ့ ကြေညာခဲ့ပြီး ရုရှားပိုင်နက်ထဲက စတုရန်း ကီလိုမီတာ ၁၂၅၀ လောက် အကျယ်အဝန်းကို သိမ်းပိုက်ထားပြီး ဖြစ်သလို ကျေးရွာ ၉၂ ခုလောက်ကိုလည်း ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ယူကရိန်းက ရုရှားပိုင်နက်ထဲမှာ တန်ပြန်ဆင်နွှဲတဲ့ အကြီးမားဆုံး စစ်ရေး လှုပ်ရှားမှုလည်း ဖြစ်လာပါတယ်။
ဇီလန်စကီးက ယူကရိန်းရဲ့ သံအရာရှိ တချို့နဲ့ တွေ့ဆုံရာမှာ အဲဒီထိုးစစ်ဆင်မှုရဲ့ ရည်ရွယ်ချက်ဟာ ရုရှားနယ်မြေတွေကို သိမ်းပိုက်ဖို့ မဟုတ်ဘဲ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ရုရှားနဲ့ ထိပ်တိုက် ဆွေးနွေးရင် ပိုပြီး ဟန်ချက်ညီစေဖို့သာ ဖြစ်တယ်လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ တနည်းအားဖြင့် ရုရှားက သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေတွေကို အလဲအလှယ် ပြန်လုပ်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။
သူက ယူကရိန်းဟာ အရှေ့ဖက်ကို ဆက်လက် ချီတက်ပြီး ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း ချီတက်ဖို့ ရည်ရွယ်ထားကြောင်း၊ အဲဒီ စစ်ဆင်ရေးတွေ အောင်မြင်စေဖို့အတွက် အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို ထောက်ပံ့ထားတဲ့ တာဝေးပစ် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ ပိုပြီး လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပေးအပ်စေလိုကြောင်းလည်း တောင်းဆိုခဲ့ပါတယ်။ လောလောဆယ်တော့ အဲဒီခွင့်ပြုချက်ရဖို့ မိတ်ဖက် နိုင်ငံတွေဆီကနေ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေဆဲလို့လည်း သူက ပြောပါတယ်။
တဖက်မှာတော့ ရုရှား အစိုးရက ယူကရိန်းနဲ့ အပစ်အခတ် ရပ်ဆိုင်းရေး အပါအဝင် အလွတ်သဘော ဆွေးနွေးမှုတွေ ဘာကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ တင်းတင်းမာမာ ပြောကြားထားသလို ရုရှားပိုင်နက်ကို ထိပါးခဲ့တဲ့ အတွက်လည်း ပြင်းပြင်းထန်ထန် လက်စားချေသွားမယ်လို့ ကြုံးဝါးထားပါတယ်။
လောလောဆယ်တော့ ကက်စ်မှာ ယူကရိန်းဟာ ထိန်းချုပ်နယ်မြေတွေကို စီမံကွပ်ကဲဖို့ စစ်ရုံးတရုံးကို စီစဉ် ဖွင့်လှစ်ထားပြီး အဲဒီ အခြေအနေကလည်း ရုရှားအတွက် ပိုပြီး ဒေါသထွက်စရာ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုရှားဟာ မြို့တော် အပါအဝင် ယူကရိန်းရဲ့ မြို့တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြှင့် လုပ်ဆောင်လာခဲ့တယ်လို့လည်း ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောကြားထားပါတယ်။
ကိုးကား: CNA