ယူကရိန်းကို တင့်ကားတွေ ပေးပို့ဖို့ အမေရိကန်နဲ့ ဂျာမနီ စတင်ပြင်ဆင် 

ယူကရိန်းအတွက် ပင်မ တိုက်ပွဲဝင် တင့်ကားကြီးတွေ ပေးပို့သွားဖို့ အစဉ်တစိုက် ငြင်းဆန်နေတဲ့ ခေါင်းမာမှုကို အမေရိကန်ရော၊ ဂျာမနီပါ စွန့်လွှတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

အဲဒီ အနောက်နိုင်ငံ နှစ်ခုက သတင်းတွေရဲ့ အဆိုအရ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ M1 Abrams တင့်ကားတွေကို ယူကရိန်းဆီ လွှဲပေးဖို့ ပြင်ဆင်နေသလို ဂျာမနီ အဓိပတိ အိုလက်ဖ်ရှော့ဇ်ကလည်း Leopard 2 တင့်ကားကြီးတွေ ပေးပို့နိုင်ရေးအတွက် ခေါင်းညှိတ်ဖို့ အသင့်ရှိနေပြီလို့ သိရပါတယ်။ 

အစောပိုင်းက ဂျာမနီနဲ့ အမေရိကန် အစိုးရတွေဟာ ယူကရိန်းကို ခုခံကာကွယ်ရေး လက်နက် မဟုတ်တဲ့ တင့်ကားတွေ ပို့ဆောင်ရေးကို တွန့်ဆုတ်နေခဲ့ကြပါတယ်။ အမေရိကန်နဲ့ ဂျာမနီရဲ့ တင့်ကားတွေ ယူကရိန်း စစ်မြေပြင် ရောက်လာမယ့် ကိစ္စအပေါ် ရုရှားက အပြင်းအထန် ဒေါသထွက်မယ် ဆိုတာကတော့ မေးခွန်းထုတ်နေစရာ မလိုပါဘူး။ 

ဘိုင်ဒန်ဟာ မကြာခင်မှာ Abrams တင့်ကားတွေ ယူကရိန်းဆီ ပေးပို့မယ့် အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်လာနိုင်ပါတယ်။ ဒီအတောအတွင်း ဂျာမနီကလည်း အနည်းဆုံး Leopard 2 ၁၄ စီးလောက်ကို ကိယက်ဗ် အခြေစိုက် အစိုးရဆီ လွှဲပေးသွားဖွယ် ရှိနေပါတယ်။ အဲဒီ မတိုင်ခင်မှာ ဗြိတိန်ကလည်း သူတို့ရဲ့ ပင်မ တိုက်ပွဲဝင် တင့်ကားတွေဖြစ်တဲ့ Challenger 2 ၁၄ စီးကို ယူကရိန်းဆီ ပို့ဆောင်သွားမယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။ 

အနောက်နိုင်ငံ နည်းပညာနဲ့ ဒီဇိုင်းတွေ အသုံးပြု တည်ဆောက်ထားတဲ့ တင့်ကားတွေဟာ ရှိရင်းစွဲ ယူကရိန်းစစ်တပ် အသုံးပြုနေတဲ့ ဆိုဗီယက်ခေတ် တင့်ကားတွေထက် အဖက်ဖက်က သာလွန် ကောင်းမွန်ပါတယ်။ ဒါကြောင့် မဟာမိတ်တွေဆီက တင့်ကားတွေ လက်ခံရရှိချိန် ရုရှားကို သံချပ်ကာ စစ်ဆင်ရေးတွေမှာ ပိုမို ရင်ဘောင်တန်း တိုက်ခိုက်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားထားပါတယ်။ 

ဒါပေမဲ့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ အနောက်နိုင်ငံလုပ် တင့်ကားတွေ စစ်ပွဲထဲ ပါဝင်လာခြင်းကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံလာစေလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

အမေရိကန် စစ်ဘက် အရာရှိ တချို့ကတော့ Abrams တင့်ကားတွေကို ကိုင်တွယ် မောင်းနှင်မယ့် သူတွေဟာ အနုစိတ် ပြင်ဆင် လေ့ကျင့်မှုတွေ လိုအပ်သလို နည်းပညာ အဆင့်မြင့် တိုက်ပွဲဝင် တင့်ကားတွေအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းဖို့လည်း အရေးကြီးတယ်လို့ ပြောကြားထားပါတယ်။ 

အမေရိကန် အစိုးရက ယူကရိန်းဆီ Abrams ဘယ်နှစီး ပေးပို့မလဲ ဆိုတာကို မထုတ်ပြန်သေးပေမယ့် နာမည်ဖော်မပြတဲ့ အစိုးရ အရာရှိ တစ်ယောက်ကတော့ ဘိုင်ဒန်ဟာ တင့်ကား အစီး ၃၀ လောက် လွှဲပေးဖွယ် ရှိတယ်လို့ New York Times သတင်းဌာနကို အသိပေး ပြောကြားသွားခဲ့ပါတယ်။

Delta News

Read Previous

ကိုဗစ်ကြောင့် သေနှုန်း ပြန်တက်လာတဲ့အပေါ် WHO အကြီးအကဲ စိုးရိမ်နေ 

Read Next

ယင်းမာပင်မြို့နယ်ကို စစ်ကြောင်းထိုးလို့ ရွာပေါင်းရှစ်ရွာလောက် ဘေးလွတ်ရာပြေးနေရပြီး ဒေသခံတွေ သေဆုံးမှုရှိနေ