ယင်းမာပင်မြို့နယ်ကို စစ်ကြောင်းထိုးလို့ ရွာပေါင်းရှစ်ရွာလောက် ဘေးလွတ်ရာပြေးနေရပြီး ဒေသခံတွေ သေဆုံးမှုရှိနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက ဇန်ဝါရီ ၁၉ရက်ကစပြီး ၂၄ ရက်အထိဆက်တိုက်စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံရွာပေါင်း ၈ ရွာလောက် နေအိမ်စွန့်ခွာပြီးဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ရွာပေါင်း ၆ ရွာက နေအိမ်တွေကိုလည်းစစ်ကြောင်းထိုးတဲ့ကာလတလျောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းက ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးရင်းပစ်ခတ်မှုတွေကြားမှာ နေအိမ်ကနေမထွက်ပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတဦးနဲ့ ဒေသခံတဦးလည်း သေဆုံးခဲ့တယ်ုလို့ ယင်းမာပင်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

‘’မနေ့ကလည်း ယင်းမာပင်မြောက်ခြမ်းကို ချင်းတွင်းမြစ်ဘေးကရွာတွေဘက်ကို စစ်ကြောင်းထပ်တိုးတယ်။ မီးရှို့ဖျက်စီးမှုတွေလည်းရှိတယ်။ အဲ့ဒီကနေစစ်မှုထမ်းဟောင်းကုန်းလို့ခေါ်တဲ့အောင်ဇေယျမြို့သစ် ကိုဆင်းပြီးမုံရွာပုသိမ်လမ်းဘေးကျေးရွာတွေကိုဝင်ရောက်စီးနင်းတယ်။ အခုယင်းမာပင်မြို့နယ် မုံရွာပုသိမ်လမ်းဘေးရဲတပ်ရင်း၂၈ရဲ့မြောက်ဘက်ကနေအနောက်ဘက်ကိုဦးတည်ပြီးတောတိုက်တွေကိုမီးရှို့ပြီးကျေးရွာတွေကိုဝင်ရောက်စီးနင်းနေတယ် ၊အခုပြည်သူတွေသောင်းချီပြီးစစ်ရှောင်နေရတယ်’’ လို့ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ် ဦးဆောင်သူ ကိုလွမ်းသူက DNAကိုပြောပါတယ်။

ယင်းမာပင်နယ်ထဲမှ စစ်တပ်စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်မပြန်နိုင်တဲ့စစ်ရှောင်တွေနဲ့လတ်တလောတိမ်းရှောင်ရတဲ့ ဒေသခံစုစုပေါင်း စစ်ဘေးရှောင် ၂၀၀၀၀ လောက်ရှိနေပြီးရာသီဉတုဒဏ်ကြားအဖက်ဖက်က အခက်အခဲတွေဖြစ်နေကြတယ်လို့လည်း စစ်ဘေးရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။