ယင်းမာပင်မှာဆွမ်းကပ်ပွဲလုပ်နေချိန်စစ်ကောင်စီကပစ်ခတ်လို့ ကလေးနှစ်ဦးသေဆုံး၊လသားအရွယ်တဦး အပါ အဝင် လေးဦးဒဏ်ရာရ

မေ၊ ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်းက ဘန့်ဘွေးရွာအနီးမှာ သေဆုံးသူတဦးရဲ့ တလပြည့် ဆွမ်းကပ်ပွဲ လုပ်နေချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်လို့ ငါးနှစ်အရွယ်နဲ့ ၁၄နှစ်အရွယ်နှစ်ဦး သေဆုံးခဲ့ပြီး လသားအရွယ်ကလေးတဦးနဲ့ နောက်ထပ်ငါးဦး ပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

စစ်အုပ်စုလက်အောက်ခံပျူစောထီး အင်အားကောင်းတဲ့ ရွာအဖြစ်လူသိများတဲ့ ဘန့်ဘွေးရွာအနီးက ဒေသအခေါ် မယ်ဇာတောပြင် နေရာမှာ တလပြည့်ဆွမ်းသွပ်ပွဲလုပ်နေကြချိန် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်ဖမ်း ဆီးမှုတွေ လုပ်ခဲ့တာလို့ဆိုပါတယ်။

“ရမ်းသန်းပစ်ခတ်တာ၊လက်နက်ငယ်နဲ့လား လက်နက်ကြီးနဲ့လားဆိုတာတော့ ကျွန်တော်တို့ အတည်မပြုနိုင် သေး ဘူး”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။ဘာကြောင့်အဲ့ဒီလို ပစ်ခတ်တယ်ဆိုတာနဲ့ ပစ်ခတ်မှုအတွင်း အသေး စိတ်အခြေအနေတွေကိုတော့မသိရသေးပါဘူး။

ဆွမ်းသွပ်ပွဲကို ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲ့ဒီမှာရှိနေသူတွေထဲက ဒေသခံကိုးဦးကိုလည်း ဖမ်းခေါ်သွားပြီး ဖမ်းဆီးမခံရဘဲ လွတ်မြောက်ခဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့စစ်ကောင်စီတပ်တွေဟာမုံရွာအခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့လဲဒေသခံတွေကအတည်ပြုပါတယ်။

“ဖမ်းဆီးခံရသူတွေကိုဘယ်ခေါ်သွားလဲတော့မသိဘူး၊ခုဒီကောင်တွေအခု ကနီမြို့နယ် တွင်းတောင် တွင်းရွာမှာ တပ်စွဲနေတယ်လို့ သိရတယ်ဗျ၊ထိခိုက်သူ နာမည်တွေကိုတော့ မသိရသေးပါဘူးဗျ၊ လသားအရွယ်ကလေး ငယ် တယောက် မျက်လုံးပွင့်သွားတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း အခြေစိုက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေနဲ့ စစ်ရှောင်တွေကို ကူညီမှုတွေ လုပ်နေတဲ့ လက်ပံတောင်းတောင်ဒေသပင်မသပိတ်ကော်မတီက မချောစုဟန်ကတော့ အဲ့ဒီပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဆားလင်းကြီးနယ် ဝမ်ပေါင်ကုမ္ပဏီဘက်မှာ လုံခြုံရေးယူပေးပြီး ကနီဘက်ပြန် သွားကြတဲ့စစ်ကြောင်းဖြစ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ သူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။

လက်ရှိမှာစစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေကို နီးစပ်ရာဒေသခံတွေက ကျန်းမာရေးစောင့် ရှောက်ကုသမှုပေးနေပြီး ဒေသခံတချို့ကတော့ စစ်ကောင်စီတပ်တွေ နောက်ထပ်ရောက်လာမှာကိုစိုးရိမ်လို့ ဘေးလွတ်ရာတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

 ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်၊ညောင်ပင်သာရွာမှာလည်း ပြီးခဲ့တဲ့ နှစ်ရက်က အသက် ငါးနှစ်အရွယ်ကလေး တဦး အပါအဝင်အရပ်သား ၁၈ ဦးကိုစစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေကပြောထားပါတယ်။

 နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ဒီကနေ့ထုတ်ပြန် ချက်ထဲမှာတော့ စစ်တပ်အာ ဏာသိမ်းပြီးနောက် အခုချိန်အထိကလေးသူငယ်တွေအပါအဝင် သတ်ဖြတ်ခံရသူဦးရေ ၃၅၀၉ ဦးအထိရှိ နေပြီလို့ ဖော်ပြထားပါတယ်။