စစ်တွေအပါအဝင် ရခိုင်က ခုနစ်မြို့နယ်ကို မုန်တိုင်းအန္တရာယ်မြင့်မားတဲ့အနီရောင်အဆင့်ဒေသတွေအဖြစ် စစ် ကောင်စီကြေညာ

မေ၊ ၁၂

ပြည်နယ်မြို့တော်စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်ခုနစ်ခုကို မိုခါ မုန်တိုင်း အန္တရာယ်ကျရောက်နိုင် ခြေမြင့်မားတဲ့ အနီရောင်အဆင့်ဒေသတွေအဖြစ် ဒီကနေ့ညနေပိုင်းမှာ သတ်မှတ်ကြေညာလိုက်သလို ဒေသခံတွေ လည်း ဘေးလွတ်ရာတွေကိုဆက်လက်ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။

အဲဒီအနီရောင်အဆင့်သတ်မှတ်လိုက်တဲ့ မြို့နယ်တွေဟာ ဘင်္ဂလားပင်လယ်ကမ်းစပ်မှာတည်ရှိတဲ့ စစ်တွေ၊ ရသေ့ တောင်၊မောင်တော၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ဖြစ်ကြပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒဌာနက ဒီကနေ့ညပိုင်းအထိ မိုခါမုန်တိုင်းကို လိမ္မော်ရောင်အဆင့်သာ သတ် မှတ်ဖော်ပြပေမယ့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကတော့ မုန်တိုင်းတိုက်ရိုက်ဝင်ရောက် မယ့်လမ်းကြောင်းပေါ်က ကမ်းရိုးတန်းမြို့နယ်တွေကို အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါ တယ်။

“အခုလေက နည်းနည်းလေး တိုက်နေတယ်၊ကမ်းခြေမှာ လှိုင်းတွေလည်း နည်းနည်းမြင့်သလိုပဲ၊တခြားမြို့တွေ ကို ရှောင်တဲ့သူတွေကလည်း ရှောင်ကြတာပေ့ါ၊ကျွန်တော်တို့ကတော့ စစ်တွေမှာပဲ ရှိသေးတယ်၊ရေကြီးမယ်ဆို ရင် တော့ စစ်တွေက တော်တော်ခံရမယ်ထင်တယ်”လို့ စစ်တွေမြို့ခံတဦးကDNAကို ပြောပါတယ်။

မုန်တိုင်းအန္တရာယ်ကိုအရောင်တွေနဲ့ အဆင့်ခွဲခြားသတ်မှတ်မှုတွေအရ အနီရောင်အဆင့်သတိပေးချက်ဟာ  ကမ်း ရိုးတန်းကို ၁၂နာရီကြာပြီးနောက်ပိုင်းမှာ မုန်တိုင်းရောက်ရှိလာတော့မယ်ဆိုတဲ့သဘောဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ နေ ရာတွေကို ရွှေ့ပြောင်းနေရာယူဖို့ သတိပေးချက်ဖြစ်ပါတယ်။

ဒီကနေ့ ညနေငါးနာရီခွဲအချိန်တိုင်းထွာချက်တွေအရ စစ်တွေမြို့နဲ့ ရေမိုင်(၄၀၀)ကျော်အကွာ ပင်လယ်ပြင်ကိုဗဟို ပြုနေတဲ့ မိုခါမုန်တိုင်းဟာ အခုညပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်ရှိ မှာ ဖြစ်ပြီး မေလ (၁၄)ရက်နေ့လယ်ပိုင်းမှာ စစ်တွေမြို့အနီးကနေ ကုန်းတွင်းပိုင်းကိုဝင်ရောက်မယ်လို့ စစ်ကောင် စီရဲ့ မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်ကတော့ မုန်တိုင်း တည့်တည့်ဝင်ရောက်လာမယ့် ရခိုင်ကမ်းရိုးတန်း ဒေသတွေက ပြည်သူတွေအနေနဲ့ နောက်ထပ်နာရီနှစ်ဆယ်အတွင်း ဘေးလွတ်ရာကို အရေးပေါ်ရွှေ့ပြောင်းကြဖို့ ဒီကနေ့ညနေ လေးနာရီဝန်းကျင်မှာသတိပေးထားပါတယ်။

ဒီကနေ့ညကစလို့ မုန်တိုင်း ကမ်းရိုးတန်းကိုဝင်ရောက်မယ့် မေလ (၁၄)ရက်အထိ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တနာရီမိုင်(၉၀)ကနေ မိုင်(၁၁၀)အထိ လေပြင်းတိုက်ခတ်နိုင် သလို လှိုင်အလွန်ကြီးမယ်လို့ စစ်ကောင်စီရဲ့မိုးဇလဌာနကဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလှိုင်းအမြင့် (၁၄)ပေကနေ (၁၈)ပေအထိ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အဲဒီလို မုန်တိုင်းအခြေအနေတွေကြောင့် အခုအနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့မြို့နယ်တွေအပြင် ပြည်နယ် တဝှမ်းက ရိုဟင်ဂျာနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအပါအဝင် ဒေသခံတွေဟာ ဘေးလွှတ်ရာလို့ ယူဆကြတဲ့ ဘုန်း တော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေဆီ မုန်တိုင်းရှောင်နေကြပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းရှောင်ပြည်သူပေါင်း သောင်းချီအထိ ရှိနေပြီး အရေးပေါ်စားရေရိက္ခာ တွေလိုအပ်နေကာ ရခိုင်ပြည်နယ် စစ်ကောင်စီက ကူညီထောက်ပံ့မှုမရှိသေးဘူးလို့ ကူညီပေးနေတဲ့ အရပ်ဘက် အဖွဲ့တွေက ပြောကြပါတယ်။

 “အရေးပေါ်အခြေအနေကတော့ ဟုတ်ပါတယ်၊ဒီလောက်ပြင်းတဲ့မုန်တိုင်း မကြုံဖူးသေးဘူး၊ဒါပေမယ့် ဒီအတွက် စစ်ကောင်စီအနေနဲ့ ပြင်ဆင်မှုတွေ၊ ထောက်ပံ့မှုတွေ လုပ်ပေးဖို့ လိုပါတယ်၊အခုက ဘာမှ လုပ်ပေးတာတွေ မရှိ သေးဘူး”လို့ ရသေ့တောင်မြို့နယ်က မုန်တိုင်းရှောင် ပြည်သူတဦးက ပြောပါတယ်။

အမျိုးသားညီညွှတ် ရေးအစိုးရ(NUG)ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေး ဝန်ကြီးဌာနကတော့ မိုခါမုန်တိုင်းဟာ မေလ ၁၄ရက် ညသန်းခေါင်အချိန်မှာ မောင်တောနဲ့စစ်တွေမြို့ကြား ကျောက်ပန္ဒူရွာအနီးကနေ  ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ရခိုင်တောင်တန်းတွေကြောင့် ကမ်းဖြတ်ခါနီးမှာ လေတိုက်နှုန်း တနာရီ မိုင်(၇၀)ကနေ (၇၅)မိုင်နှုန်းလောက်ရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။